DVB Logo
Home
မြန်မာသတင်း
ခင်ဦးမြို့နယ်က ရွှေကူတဲစုရွာသား ၁ ဦးကို PDF ဟုစွပ်စွဲပြီး စစ်‌တပ်က ဖမ်းဆီးသတ်ဖြတ်
DVB
·
October 17, 2021
ခင်ဦးမြို့နယ်က ရွှေကူတဲစုရွာသား ၁ ဦးကို PDF ဟုစွပ်စွဲပြီး စစ်‌တပ်က ဖမ်းဆီးသတ်ဖြတ်
Donate to DVB

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရွှေကူတဲစုရွာက နေအိမ်မှာ အိပ်‌‌နေတဲ့ ဒေသခံ တစ်ဦးကို စစ်တပ်က အောက်တိုဘာ ၁၆ ရက် မနက် ၄ နာရီလောက်မှာ ပျဉ်ထောင်ရွာဆီကို ဆိုင်ကယ် ၅ စီးနဲ့ ဖမ်းဆီးခေါ်ဆောင်သွားပြီး တနေကုန် ရိုက်နှက်စစ်ဆေးကာ ည ၁၀ နာရီလောက်က ပျဉ်ထောင်ရွာတံတားထိပ်ကို ဆွဲထုတ်ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ခင်ဦးက မြတ်သီရိ လူမှုကူညီရေးကားကို အကူအညီတောင်းပြီး အလောင်းသွားကောက်တယ်။ ပါးစပ်က ပွင့်ထွက်နေတယ်။ နောက်ကျောနဲ့ရင်ဘတ်တွေမှာလည်း အညိုအမည်းတွေ တွေ့ရတယ်။ မျက်နှာကတော့ဗျာ ဘာမှမပီသတော့ဘူး။ ရွာကလည်း တိမ်းရှောင်နေကြတာဆိုတော့ ရွာမှာ သင်္ဂြိုဟ်ဖို့ အဆင်မပြေလို့ လူမှုကူညီရေးအဖွဲ့ကို ဘုန်းကြီးတပါးစာ ဝတ္ထုငွေလေးလှူလိုက်ပြီး သင်္ဂြိုဟ်ခိုင်းလိုက်ရတယ်” လို့ ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က မတရားဖမ်းဆီးညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံရသူဟာ အသက် ၃၉ နှစ်အရွယ် ကိုမျိုးဆွေလို့ သိရပြီး ရွှေကူတဲစုကျေးရွာမှာ သမားရိုးကျ တောင်သူလုပ်ငန်း လုပ်ကိုင်စား သောက်နေသူဖြစ်သလို အဖွဲ့အစည်းတွေနဲ့ ဆက်စပ်မှုမရှိတဲ့အတွက် ရွာကနေ ထွက်ပြေး တိမ်းရှောင်ခြင်း မပြုဘဲ နေထိုင်နေတာ ဖြစ်ပါတယ်။

အောက်တိုဘာ ၁၅ ရက်နေ့ညနေပိုင်းမှာ စစ်ကောင်စီတပ်က ရွှေကူတဲစုရွာမှ ကိုကျော်စိုးအောင်၊ ကိုမင်းသူအောင်၊ ကိုဖိုးသားနဲ့ အင်တိုင်းရွာမှ ကိုဂျီမိုင်တို့ လေးယောက်ကို ပျဉ်ထောင်ရွာသို့ ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

အောက်တိုဘာ ၁၆ ရက်နေ့မနက်ပိုင်းမှာတော့ ကို‌ကျော်စိုးအောင်ကို လမ်းပြအဖြစ်ခေါ်ဆောင်ပြီး ရွှေကူတဲစုရွာသား ကိုကုလား ခေါ် ကိုမျိုးဆွေအား PDF သင်တန်းဆင်းလို့ စွပ်စွဲဖမ်းဆီးကာ ပျဉ်ထောင်ရွာအရှေ့ဘက်ရှိ မြောင်းလက်တံတံတားအနီးမှာ သတ်ပစ်ခဲ့တယ်လို့ဆိုပါတယ်။ ဒီနောက် ဖမ်းဆီးထားသူတွေကို ပြန်လည်လွှတ်ပေးလိုက်တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“စစ်ကောင်စီတပ်တွေက ပျဉ်ထောင်မှာ ၇၀ လောက်ရှိနေတယ်။သူတို့က ၂ ရက်နေ့ကတည်းကတပ်စွဲထားတာ။ တဲစုရွာက ကလေးတွေ၊ အင်တိုင်းရွာက ကလေးတွေဖမ်းခေါ် လမ်းပြခိုင်းပြီး ဖမ်းခိုင်းတာ။ သူက လမ်းပြတော့ ကလေးတယောက်ကို PDF ဆိုပြီး သတ်ပစ်လိုက်တာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ခင်ဦးမြို့နယ် ပျဉ်ထောင်ရွာမှာ အောက်တိုဘာ ၁  ရက်‌ နေ့ကစပြီး တပ်စွဲထားတာဖြစ်လို့ တချို့ ကျေးရွာသားတွေဟာ အခုချိန်အထိ နေအိမ်ကို ပြန်နိုင်ခြင်းမရှိသေးသလို မတရားဖမ်းဆီး ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှာလည်း စိုးရိမ်‌နေကြပါတယ်။

အောက်တိုဘာ ၁၅ ရက်နေ့ကလည်း ခင်ဦးမြို့က ပေါင်းတဲကုန်းလမ်းခွဲအပါအဝင် ကျေးရွာတွေအတွင်း ၀င်လာတဲ့ စစ်ကောင်စီတပ်တွေကို ဒေသခံ PDFတွေက လေးကြိမ်ထက်မနည်း မိုင်းခွဲတိုက်ခိုက်ခဲ့လို့ အသေအပျာက်ရှိခဲ့သလို ဒလန်သုံးဦးကိုလည်း PDFအဖွဲ့က သုတ်သင်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းမှာ ခင်ဦး၊ ချောင်းဦး၊ တန့်ဆည်၊ ပင်လယ်ဘူး၊ ၀က်လက်၊ ရွှေဘိုစတဲ့ဒေသတွေမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေအကြား ထိတွေ့တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေပါတယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013