
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက ရွာတရွာမှာ စစ်တပ်သတင်းပေးဆိုသူတယောက် အောက်တိုဘာ ၁၄ ရက် ဒီမနက်က ပစ်သတ်ခံရပြီး စစ်သားနဲ့ ရဲတွေ ရောက်လာလို့ ရွာသားတွေ တိမ်းရှောင်နေရပါတယ်။
တောင်ကန်ကျေးရွာအုပ်စု အောင်ချမ်းသာ(ရွာသာယာ)ရွာက အသက် ၄၆ နှစ်အရွယ် ကိုနိုင်ထွန်းဟာ မနက် ၁၀ နာရီလောက်က သူ့အိမ်ရှေ့မှာ သေနတ်နဲ့ ၅ ချက် ပစ်ခတ်ခံခဲ့ရတာပါ။
“အိမ်ရှေ့မှာပဲ ပစ်ခံရတာ။ ဗိုက်တချက် ပေါင်တချက်ထိတယ်။ အိမ်ထဲကို ပြေးဝင်သွားပြီး နောက်တော့ သေသွားတာပဲ။ နောက်နာရီဝက်ကျော်မှာ စစ်သားတွေရောက်လာတယ်။ အိမ်စီးကားတစီး၊ ပွိုင့်ကားတစီး၊ နာရေးကားတစီးလည်းပါတယ်။ ၁၅ ယောက်လောက်ရှိမယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ဒါကြောင့် ရွာသားအားလုံးလိုလို လွတ်ရာကို ရှောင်တိမ်းနေကြရပါတယ်။ စစ်သားတွေဟာ သေဆုံးသူရဲ့အိမ်မှာ ရှိနေကြပြီး စစ်တာဆေးတာမျိုးတော့ မကြားသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
“ဒီတခါပြေးရတာ တန်တယ်။ သူက ရွာကို စစ်သားတွေလာအောင် လှမ်းလှမ်းခေါ်တဲ့ တောင်ကန်အုပ်စုက စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး ဒလန်သောင်းမြိုင်ရဲ့တပည့်။ ဟိုတလောက ရှင်းခံရတဲ့ ဒလန် ကျားရဲစိုးဝင်းနဲ့လည်း ဆရာတပည့် ဆက်ဆံရေးရှိတယ်။ ရွာကို တော်တော်ဒုက္ခပေးခဲ့တာ” လို့ ဒေသခံတယောက်က ပြောပါတယ်။
ဒီနေ့လယ် ၁၂ နာရီခွဲလောက်မှာတော့ နောက်ထပ် စစ်သားတွေပါတဲ့ ကားလေး ၂ စီး ဝင်လာပြီး ရွာရဲ့ အရှေ့မြောက်ခြမ်းကို မွှေနှောက်နေတယ်လို့ သိရပါတယ်။