DVB Logo
Home
မြန်မာသတင်း
ဒီဗွီဘီသတင်းထောက် ကိုအောင်ကျော်နှင့် ကိုမင်းညိုတို့ အကျဉ်းသားအခွင့်အရေး ချိုးဖောက်ခံရ
DVB
·
October 13, 2021
ဒီဗွီဘီသတင်းထောက် ကိုအောင်ကျော်နှင့် ကိုမင်းညိုတို့ အကျဉ်းသားအခွင့်အရေး ချိုးဖောက်ခံရ
Donate to DVB

အကျဉ်းကျခံနေရတဲ့ ဒီဗွီဘီသတင်းထောက် ကိုအောင်ကျော်နဲ့ ကိုမင်းညိုတို့ဟာ  ၇ လကျော်ကြာတဲ့ အချိန်အထိ မိသားစုနဲ့ တွေ့ခွင့်မပေးသလို အကျဉ်းထောင်ထဲမှာ သူတို့ရဲ့ ကျန်းမာရေးအခြေအနေမှန်ကိုလည်း မသိရဘူးလို့ မိသားစုဝင်တွေက‌ ပြောပါတယ်။

မြိတ်မြို့အခြေစိုက် သတင်းထောက်ကိုအောင်ကျော်နဲ့ ပြည်မြို့အခြေစိုက် သတင်းထောက် ကိုမင်းညိုတို့ကို  ၂၀၂၁ ခုနှစ် မတ်လဆန်းမှာ  စစ်ကောင်စီက အကြမ်းဖက် ဖမ်းဆီးခဲ့တာပါ။

မြိတ်မြို့အခြေစိုက် သတင်းထောက် ကိုအောင်ကျော်ကို  မတ်လ ၁ ရက်နေ့မှာ ဖမ်းဆီးပြီး ဇွန်လ ၂ ရက်နေ့မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့တာဖြစ်ပြီး အကျဉ်းသားတစ်ယောက်ရဲ့ ရပိုင်ခွင့် အခွင့်အရေးအရ မိသားစုနဲ့အနေနဲ့ ထောင်ဝင်စာမှာ တွေ့ဆုံခွင့်ပြုရမှာဖြစ်ပါတယ်။

ကိုအောင်ကျော်ထံက စာတချို့ကို လက်ခံရရှိပေမယ့် လူချင်းတွေ့ခွင့်မရတဲ့အတွက် ကျန်းမာရေးအခြေအနေမှန်ကို မသိရဘူးလို့ သူ့ရဲ့ဇနီး မနေခြည်မိုးထက်က ပြောပါတယ်။

ကိုအောင်ကျော်ကို ဖမ်းဆီးခဲ့တုန်းက စစ်ကောင်စီတပ်က အကြမ်းဖက်ရိုက်နှက်တာတွေ ရှိခဲ့သလို ထောင်ဒဏ်မချခင် အချုပ်ခံထားရတဲ့အချိန်တုန်းကလည်း ရိုက်နှက်ခံရတာတွေရှိတဲ့အတွက် ကျန်းမာရေးမကောင်းမှာကို စိုးရိမ်တယ်လို့ ဇနီးဖြစ်သူ မနေခြည်မိုးထက်က ပြောပါတယ်။

ကိုအောင်ကျော် အမှုကို မြိတ်မြို့က ရှေ့နေတွေမလိုက်ရဲအောင် စစ်ကောင်စီက ဖိအားတွေပေးခဲ့တဲ့အတွက် ကိုအောင်ကျော်ဟာ မီဒီယာဥပဒေကိုကိုင်ပြီး တရားရုံးမှာ ကိုယ်တိုင် ချေပခဲ့ရပါတယ်။

မြိတ်မြို့မှာ စစ်ကောင်စီတပ်တွေက ပြည်သူတွေရဲ့နေအိမ်တွေကို အကြမ်းဖက်ဝင်ရောက်ခဲ့တာနဲ့ ပတ်သက်လို့ သတင်းထောက် ကိုအောင်ကျော်က အင်တာနက်ကနေ သတင်းတိုက်ရိုက်တင်ဆက်ခဲ့တဲ့အတွက် ဖမ်းဆီးထောင်ချခံခဲ့ရတာ ဖြစ်ပါတယ်။ 

အလားတူ ပြည်မြို့အခြေစိုက်  ဒီဗွီဘီ သတင်းထောက်ကိုမင်းညိုကို စစ်ကောင်စီတရားရုံးက မေလ ၁၂ ရက်နေ့မှာ ပုဒ်မ ၅၀၅(က)နဲ့ ထောင်ဒဏ်သုံးနှစ်ချမှတ်ခဲ့ပြီး ကိုမင်းညိုဟာ ထောင်တွင်းမှာ ကိုဗစ်သံသယလူနာဖြစ်ခဲ့ပြီး ဖျားနာတာဖြစ်ခဲ့ပါတယ်။

အပြန်အလှန်စာပို့ခွင့်ရပေမဲ့ လူချင်းတွေ့ခွင့်မရတဲ့အတွက် အခြေအနေမှန်ကို မသိရဘူးလို့ ကိုမင်းညိုရဲ့ ဇနီး မညိုမီမိုးက ပြောပါတယ်။ 

ကိုမင်းညို ပေးပို့တဲ့စာတွေအရ ပြည်အကျဉ်းထောင်ထဲမှာ ကျန်းမာရေးစောင့်ရှောက်မှု ခံစားခွင့်မရခဲ့ဘူးလို့ ဆိုပါတယ်။ စစ်ကောင်စီက ပြည်အကျဉ်းထောင်ထဲမှာ ကိုဗစ်ကာကွယ်ကုသရေးအတွက် ကောင်းကောင်းမွန်မွန် စီစဉ်ပေးတာမရှိဘဲ မိသားစုတွေက လိုအပ်တဲ့ဆေးတွေကို အပြင်ကနေပို့ပေးနေရပါတယ်။

သတင်းရယူနေတဲ့ ကိုမင်းညိုကို မတ်လ ၃ ရက်နေ့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ရိုက်နှက်ဖမ်းဆီးခဲ့သလို ပြည်အကျဉ်းထောင်ကို မပို့ခင် စစ်ကြောရေးမှာလည်း ရိုက်နှက်စစ်ဆေးတာကို ခံခဲ့ရပါသေးတယ်။  အကျဉ်းထောင်ထဲမှာလည်း မိသားစုနဲ့ တွေ့ခွင့်မပေးဘဲ အကျဉ်းသားအခွင့်အရေး၊ လူ့အခွင့်ရေးချိုးဖောက်ခံနေရတာ ဖြစ်ပါတယ်။ 

သတင်းသမားတွေကို ဖမ်းဆီးနှိပ်စက် အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တွေချမှတ်နေတဲ့ အာဏာသိမ်းစစ်ကောင်စီ အကြမ်းဖက်အဖွဲ့ကို ပြည်တွင်းပြည်ပက မီဒီယာအဖွဲ့အစည်းတွေက ရှုတ်ချကန့်ကွက်နေပြီး ဖမ်းဆီးခံ သတင်းသမားတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုနေကြပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီက သတင်းသမား ၁၀၀ ကျော်ကို ဖမ်းဆီးခဲ့ကာ  ၅၀ ကျော်ဟာ လက်ရှိအချိန်အထိ ဖမ်းဆီးခံထားရဆဲဖြစ်ပြီး ဒီဗွီဘီသတင်းထောက် ၃ ဦးအပါအဝင် ၄ ဦးကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013