
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ အီဘိုလာရောဂါကူးစက်ခံရသူ ၁,၅၀၂ ယောက်အပါအဝင် သေဆုံးသူ ၄၇၃ ယောက်ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတင်းထုတ်ပြန်လိုက်ပြီး ကပ်ရောဂါ ကူးစက်မှု ပြင်းထန်နေဆဲဖြစ်တယ်လို့လည်း ပြောပါတယ်။
ကွန်ဂို ပြည်သူ့ကျန်းမာရေးအာဏာပိုင်တွေက ဇူလိုင် ၃ ရက်က ထုတ်ပြန်ခဲ့တဲ့ နောက်ဆုံး အခြေအနေ အစီရင်ခံစာအရ လူနာ ၆၂၈ ယောက်ဟာ လက်ရှိမှာ သီးခြားခွဲထားခံရသလို ဆေးရုံလည်းတက် နေရပြီး ၂၂၉ ယောက် ပြန်ကောင်းလာတယ်လို့ မှတ်တမ်းတင်ထားပါတယ်။ သေဆုံးသူ ၆၃ ယောက်အပါအဝင် သံသယရှိသူ ၂၁၃ ယောက်ကိုလည်း တွေ့ထားပါတယ်။
အရှေ့ပိုင်းပြည်နယ်တွေဖြစ်တဲ့ အီတူရီနဲ့ မြောက်ကီဗူးတို့မှာ ဆက်ပြီး ကူးစက်နေလို့ အခြေအနေက ပြင်းထန်နေတုန်းပဲလို့ WHO ရဲ့ အာဖရိကဆိုင်ရာ ညွှန်ကြားရေးမှူး မိုဟာမက် ယာကွတ် ဂျနာဘီက အွန်လိုင်းမီဒီယာရှင်းလင်းပွဲမှာ ပြောပါတယ်။
လက်ရှိကူးစက်မှုဟာ မှတ်တမ်းတင်ထားသမျှ အကြီးမားဆုံးသော ဘန်ဒီဘူဂီယို မျိုးကွဲ အီဘိုလာရောဂါဖြစ်ပွားမှုလို့ ဂျနာဘီက ပြောပါတယ်။
မလုံခြုံမှုနဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကြောင့် ထိခိုက်ခံရတဲ့ ဒေသတွေမှာ ကပ်ရောဂါတွေ ဖြစ်နေပြီး ကူးစက်မှုရှာဖွေရတာရော ထိတွေ့မှုတွေကို ခြေရာခံရတာပါ ခက်ခဲစေတယ်လို့ WHO ရဲ့ ကွန်ဂိုဆိုင်ရာ ကျွမ်းကျင်သူ ပီယာအာကီလီမာလီက ပြောပါတယ်။
အီတူရီပြည်နယ်က ကူးစက်ခံနေရာတချို့က သတ္တုတွင်း ဇုန်တွေဖြစ်ပြီး ပြင်ပကလူတွေ မကြာခဏသွားလာနေလို့ ဗိုင်းရပ်စ်ကူးစက်မှုအန္တရာယ် မြင့်တက်လာနေပါတယ်။
ဘန်ဒီဘူဂီယို ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ အီဘိုလာရောဂါအတွက် အလားအလာရှိတဲ့ကုသမှုတွေကို အကဲဖြတ်ဖို့ လက်တွေ့စမ်းသပ်မှုတခုမှာ ကွန်ဂိုလူနာတွေကို စာရင်းသွင်းနေပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကပြောပါတယ်။
အီဘိုလာရောဂါအတွက် လက်ရှိမှာ အတည်ပြုထားတဲ့ ကာကွယ်ဆေး ဒါမှမဟုတ် သီးခြားကုသမှု မရှိသေးပါဘူး။
Source: Reuters











