DVB Logo
Home
ကျန်းမာရေး
လူမှုရေးအဆက်အသွယ်တွေက စိတ်ကျန်းမာရေးအတွက် ဘာကြောင့် အရေးကြီးတာလဲ
DVB
·
October 12, 2021
လူမှုရေးအဆက်အသွယ်တွေက စိတ်ကျန်းမာရေးအတွက် ဘာကြောင့် အရေးကြီးတာလဲ
Donate to DVB

ကပ်ရောဂါကြီးဟာ ကျွန်တော်တို့အားလုံးရဲ့ စိတ်ကျန်းမာရေးအပေါ် သက်ရောက်မှုတွေ ရှိခဲ့တယ်ဆိုတာ မငြင်းနိုင်တဲ့ အချက်တစ်ချက်ပါပဲ။ တစ်ဦးနဲ့ တစ်ဦး ခပ်ခွာခွာနေရတဲ့ အလေ့အထတွေ၊ အသွားအလာ ကန့်သတ်မှု သံသရာထဲမှာ မဆုံးနိုင်အောင် လည်ပတ်နေရတာတွေဟာ တစ်ချိန်က ကျွန်တော်တို့ရခဲ့တဲ့ လွတ်လပ်မှုနဲ့ အခွင့်အရေးတွေကို ဆုံးရှုံးသွားစေခဲ့ပါတယ်။ ပြီးတော့ နေ့စဉ်ဘဝမှာ တောက်လျှောက်ခံစားလာရတဲ့ မသေချာ၊ မရေရာမှုတွေကလည်း ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်ကို စမ်းသပ်နေဆဲပါ။ လူတွေပြောတတ်ကြတဲ့ အချိန်ဟာ လက်ဆောင်မွန်တစ်ခု၊ ဘဝဆိုတာ ရေပွက်ပမာ တိုတောင်းလှတယ်ဆိုတာတွေကို လက်တွေ့ဘဝမှာ နေ့တိုင်း ရင်ဆိုင်ကြုံတွေ့နေရသလို ဖြစ်နေပါပြီ။ 

စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်ရှိအောင် လေ့ကျင့်ရာမှာ လူမှုရေးအဆက်အသွယ်က အရေးပါပါတယ် 

စစ်တမ်းတွေအရ စိတ်ကျန်းမာသုခရစေဖို့ အဓိက မောင်းနှင်ပေးတဲ့အရာက ခိုင်မာတဲ့ ဆက်ဆံရေးတွေလို့ ဆိုပါတယ်။ အုပ်စုဖွဲ့နေတတ်တဲ့ လူသားဖြစ်တည်မှုအရ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေရတာ၊ အသွားအလာ ကန့်သတ်ထားတာ၊ တစ်ဦးတည်း သီးသန့်နေရတာတွေဟာ ကြောက်ရွံ့စိတ်၊ ကူရာမဲ့တဲ့စိတ်၊ အထီးကျန်စိတ်တွေ ပေါက်ဖွားလာစေနိုင်တဲ့ အဓိကအချက်တွေဖြစ်တယ်ဆိုတာ အံ့သြစရာတော့ မဟုတ်ပါဘူး။

ဒီခံစားမှုတွေအတွက် ဖြေဆေးတစ်မျိုးကတော့ ထိတွေ့ဆက်ဆံမှု ရှိဖို့ပါ။ ကပ်ရောဂါ စဖြစ်ချိန်ကတည်းက လူတွေဟာ တစ်ဦးနဲ့တစ်ဦး အားပေးဖို့၊ လူမှုအသိုင်းအဝိုင်းတွေ ဖွဲ့စည်းဖို့၊ မိသားစု၊ သူငယ်ချင်းတွေနဲ့ အဆက်အသွယ် မပြတ်ဖို့ နည်းလမ်းသစ်တွေ ရှာဖွေကြံဆခဲ့ကြတယ်ဆိုတာ အားလုံး အမြင်ပါပဲ။ 

Facebook အနေနဲ့လည်း အကူအညီ လိုအပ်နေသူတွေနဲ့ အကူအညီပေးချင်တဲ့သူတွေကို ချိတ်ဆက်ပေးနိုင်တဲ့ ‘အကူအညီ ရပ်ဝန်း’ လို့ခေါ်တဲ့ လုပ်ဆောင်ချက်အသစ်တစ်ခုကို မြန်မာနိုင်ငံမှာ မိတ်ဆက်ပေးခဲ့ပါတယ်။ ကိုယ့်အနီးအနားမှာရှိတဲ့ လူမှုအသိုင်းအဝိုင်းအတွက် အကူအညီပေးအပ်ဖို့ ကမ်းလှမ်းချင်ရင် ဒါမှမဟုတ် အနီးအနားက လူတွေဆီက လိုအပ်တဲ့ အကူအညီ တောင်းခံချင်ရင် ဒီလုပ်ဆောင်ချက်အသစ်ကို အသုံးပြုနိုင်ပါတယ်။

အခုဆိုရင် ကပ်ရောဂါကြီးဟာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အကူအညီလိုအပ်နေသူတွေ၊ အပစ်ပယ်ခံထားရတဲ့ လူမှုအသိုင်းအဝိုင်းတွေထဲက လူကြီး၊ လူငယ်မရွေးကို ပြင်းပြင်းထန်ထန် ထိခိုက်မှုတွေဖြစ်အောင် ဆက်လက် ရိုက်ခတ်နေခဲ့တာ နှစ်နှစ်နီးပါး ရှိနေပါပြီ။ အဲဒီ့ လူမှုအသိုင်းအဝိုင်း အများစုဟာ စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး အရိပ်မည်းကြီးတစ်ခု ကျန်ရစ်နေတတ်ပါတယ်။ စိတ်ကျန်းမာရေးအကြောင်း ဝိုင်းဖွဲ့ဆွေးနွေးကြတဲ့အခါ ဒီလူမှုအသိုင်းအဝိုင်းတွေဟာ စိတ်ရောဂါနဲ့ ပတ်သက်ရင် အထူးဂရုစိုက်ရမယ့်သူတွေ ဖြစ်လာတဲ့အကြောင်း၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အပြည့်အဝ ဂရုစိုက်သလိုမျိုး စိတ်ကျန်းမာရေးကို တော်ရုံတန်ရုံ ဂရုမစိုက်ကြတဲ့ အကြောင်းတွေ ဆွေးနွေးဖြစ်ကြပါတယ်။ 

ကမ္ဘာတစ်ဝန်းရှိ အသုံးပြုသူတွေအတွက် စိတ်ကျန်းမာရေး အရင်းအမြစ်တွေနဲ့ ချိတ်ဆက်ပေးခြင်း 

Facebook ကို လက်ရှိ အသုံးပြုနေတဲ့ လူပမာဏအရ စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ အရင်းအမြစ်၊ အချက်အလက်တွေကို လူတိုင်း အလွယ်တကူ ရယူနိုင်အောင် ကူညီပေးနိုင်မယ့် နေရာအဖြစ် လမ်းညွှန်ပေးလိုပါတယ်။

ဒီနေ့အထိ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ Facebook အသုံးပြုသူ (၂၃) သန်းကျော်ကို Facebook ရဲ့ စိတ်ခံစားချက်ဆိုင်ရာ ကျန်းမာရေးစင်တာ ကတစ်ဆင့် ကျွမ်းကျင် စိတ်ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ အရင်းအမြစ်တွေနဲ့ ချိတ်ဆက်ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီ စိတ်ခံစားချက်ဆိုင်ရာ ကျန်းမာရေးစင်တာမှာ ကမ္ဘာအနှံ့က စိတ်ကျန်းမာရေးဆိုင်ရာ အရင်းအမြစ်တွေ၊ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှု၊ စိတ်ဓာတ်ကျမှု၊ စိတ်ခံစားမှုဆိုင်ရာ ပြဿနာ၊ ဝမ်းနည်းပူဆွေးမှုနှင့် ဆုံးရှုံးမှု စတဲ့ စိတ်ကျန်းမာရေးရာ ခေါင်းစဉ်တွေအလိုက် ဆွေးနွေးဖြေရှင်းဖို့ လမ်းညွှန်ချက်တွေကို စုစည်း ဖော်ပြပေးထားပါတယ်။ 

ပေါင်းသင်းဆက်ဆံရေးဆိုတာ Facebook ပလက်ဖောင်းရဲ့ အဓိကအကျဆုံးအရာဖြစ်ပြီး ဒီလို အရေးပါတဲ့ ပေါင်းသင်းဆက်ဆံရေးတွေကလည်း ကျန်းမာပျော်ရွှင်မှုရဲ့ အဓိက သော့ချက်ဖြစ်နေပါတယ်။ Facebook ရဲ့ လုပ်ဆောင်ချက် တော်တော်များများကို ပေါင်းသင်းဆက်ဆံရေးတွေ ပိုကောင်းလာအောင်၊ လူမှုအသိုင်းအဝိုင်း တည်ဆောက်ရာမှာ ကူညီပေးနိုင်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့အဖွဲ့က နည်းပညာ ထုတ်ကုန်အမျိုးမျိုးအတွက် သုတေသနပြုလုပ်ဖို့၊ အကောင်းဆုံး အသုံးချနိုင်အောင် ပြင်ဆင်ပေးဖို့ Facebook ကုမ္ပဏီထဲက ထုတ်ကုန်ဆိုင်ရာ တာဝန်ရှိအဖွဲ့တွေ အပါအဝင် ပြင်ပက စိတ်ကျန်းမာပျော်ရွှင်ရေး ကျွမ်းကျင်ပညာရှင်တွေနဲ့ပါ စနစ်တကျ ပူးပေါင်းဆောင်ရွက်နေပါတယ်။ 

အဆုံးမှာတော့ ပြီးခဲ့တဲ့နှစ်တွေမှာ လူအများ ပျော်ရွှင်ကျန်းမာစေဖို့ အဓိကထားတဲ့ နည်းပညာကိရိယာတွေကို အက်ပလီကေးရှင်းထဲမှာ အသုံးပြုနိုင်အောင် မိတ်ဆက်ပေးခဲ့တဲ့အတွက် Facebook ပလက်ဖောင်း အသုံးပြုသူတွေဟာ သူတို့ရဲ့ သုံးစွဲမှုအတွေ့အကြုံကို လိုအပ်သလို စီမံခန့်ခွဲနိုင်နေပြီ ဖြစ်ပါတယ်။  

  • အသုံးပြုချိန် ထိန်းချုပ်မှုများ - Facebook အက်ပလီကေးရှင်းကို ပြီးခဲ့တဲ့တစ်ပတ်အတွင်း လူတွေ ဘယ်လောက်အသုံးပြုလဲဆိုတာကို ပြသတဲ့ ဇယားတစ်ခု၊ လိုအပ်သလို စိတ်ကြိုက်ပြုပြင်နိုင်တဲ့ နေ့စဉ်အသုံးပြုချိန် သတိပေးချက်၊ အသိပေးချက်တွေ မပို့တော့အောင် ကန့်သတ်နိုင်မယ့် အသိပေးချက်ဆက်တင်တွေ ပါဝင်ပါတယ်။  
  • ခေတ္တကန့်သတ်ထားခြင်း နှင့် စောင့်ကြည့်တာရပ်ခြင်း - စာမျက်နှာတစ်ခု၊ အုပ်စု ဒါမှမဟုတ် လူတစ်ယောက်ကို မမြင်ရတော့အောင် ဖုံးကွယ်ထားနိုင်ဖို့ ကူညီပေးပါမယ်။  
  • သတင်းစဉ် နှင့် ဦးစားပေးကြော်ငြာများ - သူငယ်ချင်း၊ မိသားစု တစ်ချို့နဲ့ သက်ဆိုင်ရာ ကြော်ငြာတစ်ချို့ကို ပိုမြင်ချင်၊ လျှော့မြင်ချင်တဲ့အခါ ထိန်းချုပ်နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။  
  • အနားယူခြင်း - Facebook ပလက်ဖောင်းပေါ်မှာ ရည်းစားဟောင်းနဲ့ ပတ်သက်တာတွေကို ဘယ်လိုမြင်ချင်လဲဆိုတာ ထိန်းချုပ်နိုင်အောင် လုပ်ဆောင်ပေးပါတယ်။ ရည်းစားဟောင်းက  ဘယ်အရာတွေကိုပဲ မြင်နိုင်မယ်၊ ကိုယ်တင်တဲ့ ပိုစ့်တွေကို ဘယ်သူတွေပဲ မြင်နိုင်တယ်ဆိုတာမျိုးပါ။  
  • Instagram ပေါ်က ဖုံးကွယ်ထားသော စကားလုံးများ - ရိုင်းစိုင်းကြမ်းတမ်းတဲ့ စကားလုံးတွေ၊ စကားစုတွေ၊ emoji တွေကို အလိုအလျောက် စစ်ဆေးပြီး ဖုံးကွယ်ထားတဲ့ ဖိုင်ထဲထည့်လိုက်မယ်ဆိုရင် ဒါတွေကို ဘယ်တော့မှ မြင်ရမှာ မဟုတ်တော့ပါဘူး။ ဒါ့အပြင် အမှိုက်စာဖြစ်နိုင်တဲ့ တိုက်ရိုက်ပေးပို့လာတဲ့ စာတိုတောင်းဆိုချက်တွေကိုလည်း စစ်ထုတ်ပေးပါတယ်။ 

ကျွန်တော်တို့ ရှေ့ဆက် လုပ်စရာတွေအများကြီး ရှိနေပါသေးတယ်။ ဒါပေမဲ့ အခုလို ကြိုတင်မခန့်မှန်း၊ မတွက်ဆနိုင်တဲ့ကာလမှာ ဘေးကင်းလုံခြုံပြီး အကူအညီပေးနိုင်တဲ့ လူမှုအသိုင်းအဝိုင်းတွေကို Facebook ပလက်ဖောင်းတွေအပေါ်မှာ ဆက်ပြီးရှိနိုင်မယ့် နည်းလမ်းတွေ ရှာဖွေဖို့၊ ကမ္ဘာအနှံ့က လူမှုအသိုင်းအဝိုင်းတွေကို စိတ်ကျန်းမာရေးနဲ့ ပျော်ရွှင်စွာနေထိုင်နိုင်ရေးဆိုင်ရာ အရင်းအမြစ်တွေနဲ့ ပိုပြီး ချိတ်ဆက်ရယူနိုင်အောင် ဆောင်ရွက်ပေးဖို့ အလေးထား လုပ်ဆောင်နေပါတယ်။ 

ရေးသူ - Dr. Michael Valdovinos ၊  

 Global Safety Policy Manager ၊ Mental Health and Well-being Facebook

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013