Home
မြန်မာသတင်း
စစ်ကိုင်းတိုင်း၌ စစ်တပ်က လူနေအိမ်များကို ဖျက်ဆီး၊ ရွာသားများကို ဖမ်းဆီး၊ ကံထူးမကျေးရွာတွင် ဓားပြတိုက်ခံရ
DVB
·
October 12, 2021
Kan Htoo Ma village
245500790_1226239124519138_1588113539510945792_n
245525698_1226239174519133_5797018033604470141_n
245494209_1226239224519128_2807204646863086677_n
245325326_1226239307852453_8229415103808005449_n
245367036_1226239357852448_259626175062519179_n
245493511_1226239414519109_4077258546070267682_n
245460002_1226239547852429_7993800471597117353_n

စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာတွေမှာ စစ်ကောင်စီ အကြမ်းဖက်တပ်ဖွဲ့တွေက အပြင်းအထန် စစ်ဆင်ရေးလုပ်နေရာမှာ  အောက်တိုဘာ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေက တန့်ဆည်မြို့နယ်ရှိ နေအိမ် ၁၇ လုံးကို ဖျက်ဆီးခံရသလို   ခင်ဦးမြို့နယ်မှာ  ဒေသခံ ၂၀ ကျော် ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။

တန့်ဆည်မြို့နယ်၊ ကာပေါင်းကျရွာကို ၈ ကြိမ်မြောက် စစ်တပ်ဝင်ရောက်တာဖြစ်ပြီး နေအိမ် ၁၇ လုံး၊ ဆိုင်ကယ်တစ်စီးနဲ့ အိမ်တွင်းပစ္စည်း အဝတ်အစားပါမကျန် ဖျက်ဆီးခံခဲ့ရတာလို့ ဒေသခံက ပြောပါတယ်။

တန့်ဆည်ဒေသခံတဦးက “၁၀ ရက်‌နေ့က ကာပေါင်းကျကို စစ်တပ် ထပ်ဝင်တယ်။ နေအိမ်တွေ ထပ်ပြီး ဖျက်ဆီးသွားတယ်။ ‌စိစစ်ကြည့်လိုက်တော့ ၁၇ လုံး ဖျက်ဆီးသွားတာ။ အိမ်တွင်းပစ္စည်းတွေလည်း ရစရာမရှိအောင် ဖျက်ဆီးသွားတာ။ လူတွေကတော့ ထွက်ပြေးလို့ ဖမ်းဆီးခံရတာ မရှိဘူး” လို့ပြောပါတယ်။

ခင်ဦးမြို့နယ်၊ ရှင်မင်းဒွေနဲ့ ရွှေကူတဲစု ကျေးရွာတွေကိုလည်း  စစ်တပ်က အကြမ်းဖက် စီးနင်းဝင်ရောက်ပြီး ရွှေကူတဲစုရွာက ၃  ဦး၊ ရှင်မင်းဒွေရွာက လူ  ၂၀ ကျော် ဖမ်းဆီးသွားတာလို့ သိရပါတယ်။

ရွှေကူတဲစု ရွာခံတစ်ဦးကတော့  “ရှင်မင်းဒွေနဲ့ ရွှေကူတဲစုရွာတွေကို စစ်တပ်က သေနတ်တွေ ပစ်ဖောက်ပြီး တရကြမ်းဝင်တယ်။ တွေ့တဲ့သူ အကုန်ဖမ်းတယ်၊ ပြေးကြလွှားကြ သေနတ်သံလည်း ကြားရဆိုတော့ ရွှေကူတဲစုရွာက အသက် ၇၈ နှစ်အရွယ် အဘွားနှင်း လန့်ပြီး သေသွားတယ်” လို့ ပြောပါတယ်။

ဖမ်းဆီးခံရွားသားတွေကို စစ်တပ်ကဘာကြောင့် ဖမ်းဆီးတယ်၊ ဘယ်မှာ ဖမ်းဆီးထားတယ်ဆိုတာကို တော့ မသိရသေးပါဘူး။

တန့်ဆည်မြို့နယ်၊ ကံထူးမကျေးရွာမှာတော့  အောက်တိုဘာ ၁၁ ရက် ည ၁၀ နာရီလောက်က ရဲစခန်းနဲ့ မဝေးလှတဲ့ အောင်သိဒ္ဓိမုန့်တိုက်ကို ဓားပြဝင်တိုက်ခံရတယ်လို့သိရပြီး ငွေသား  ကျပ် ၁၆ သိန်း အပါအဝင် ရွှေ ၃ ကျပ်သားခန့် ကာလတန်ဖိုး ကျပ် သိန်း ၇၀ ဖိုးလောက် ပါသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ကံထူးမအထွက်က မုန့်တိုက်ပေါ့ဗျာ၊ အဲဒီအိမ်ကို လူငယ် ၄ ယောက်က  ခြံစည်းရိုးကျော် တက်လာပြီး အိမ်ရှင်ကို ဓားနဲ့ခုတ်တယ်။ ပြီးတော့ ငါတို့က PDF ကွ ရှိတာအကုန်ထုတ်စမ်းလို့ ပြောတယ်။ ရွှေ ၃ ကျပ်သားခန့်နဲ့ ငွေ ၂၆ သိန်း ပါသွားတယ်။ သူတို့လေးယောက်လုံးက ဓားတွေကိုင်ထားတဲ့ လူငယ်တွေလို့ ပြောတယ်” လို့ မုန့်တိုက်နဲ့နီးစပ်သူက ပြောပါတယ်။

ဒေသခံတွေကတော့ ဓားပြတိုက်တဲ့ လူငယ်တွေဟာ ရဲစခန်းထဲက ရဲ မိသားစုတွေလို့ ပြောဆိုနေကြပြီး အဲဒီလူငယ်တွေဟာ မူးယစ်ဆေးစွဲနေကြသလို အရင်ကလည်း  ခြေဆော့ လက်ဆော့ လုပ်ခဲ့ဖူးတယ်လို့ ဒေသခံတွေက‌ သုံးသပ်ပြောဆိုကြပါတယ်။

ကံထူးမရဲစခန်းအတွင်းမှာ ရဲအင်အား ၂၀ ရှိပြီး၊ ညစဉ် ခြောက်လှန့် သေနတ်ပစ်ခတ်တာတွေ ပြုလုပ်နေတဲ့အပြင် ကင်းပုန်းချ‌တာတွေလည်းရှိလို့ ဒေသခံတွေအနေနဲ့ နေဝင်တယ်ဆို အိမ်ပြင်ကို မထွက်ရဲကြဘူးလို့လည်း ဆိုပါတယ်။

မုန့်တိုက်ပိုင်ရှင်ဟာ လက်ကောက်ဝတ်ပြတ်လုနီး ဓားခုတ်ခံရတာဖြစ်လို့ မန္တလေးဆေးရုံကို ပို့ဆောင် ကုသထားရတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024