
အီရန်နဲ့ စစ်ပွဲ ဘယ်အချိန်အဆုံးသတ်ရမယ် ဆိုပြီးတော့ အချိန်ဇယား မကန့်သတ်ထားချင်ဘူးလို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အမေရိကန် Newsmax ရုပ်သံနဲ့ အင်တာဗျူးမှာ ပြောကြားလိုက်ပါတယ်။
ကျိန်းသေတာကတော့ စစ်ပွဲက လမ်းတဝက်ကျော်နေပြီ ဖြစ်ပြီး အီရန်ဟာ တဖြည်းဖြည်း အတွင်းလှိုက် ပြိုလဲသွားမှာလို့လည်း နေတန်ယာဟုက မှတ်ချက်ပေးပါတယ်။
ဒါပေမဲ့ လမ်းတဝက်ကျော်တယ် ဆိုတာဟာ အချိန်ကိုဆိုလိုတာ မဟုတ်ဘဲ စစ်ရေး ရည်မှန်းချက်တွေကို ပြောတာလို့ နေတန်ယာဟုက ရှင်းပြပါတယ်။
လက်ရှိမှာ အီရန်ရဲ့ စစ်ရေး၊ ဒုံးကျည်နဲ့ နျူကလီးယား စွမ်းဆောင်ရည်တွေကို လျှော့ချပစ်ဖို့ အဓိက လုပ်ဆောင်နေတယ်လို့ သူကဆိုပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်ကတည်းက ဒီစစ်ပွဲကို အတူစတင်ခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ကတော့ စစ်ဆင်ရေးဟာ ၄ ပတ်ကနေ ၆ ပတ်အထိ ကြာမယ်လို့ အရင်က ပြောခဲ့ဖူးပါတယ်။
အီရန်ရဲ့ ဒုံးကျည်ခြိမ်းခြောက်မှုတွေဟာ အစ္စရေးသာမက ဥရောပနဲ့ အမေရိကန် အထိပါ အန္တရာယ် ရှိလာနိုင်တယ်လို့ အင်တာဗျူးမှာ နေတန်ယာဟုက သတိပေးပါတယ်။
ဒီအန္တရာယ်ကို ဆယ်စုနှစ်ပေါင်းများစွာကတည်းက ကြိုသိပြီး ပြတ်ပြတ်သားသား ဆောင်ရွက်ခဲ့တဲ့ သမ္မတ ထရမ့်ပ်ကို ချီးကျူးတယ်လို့လည်း နေတန်ယာဟုက ဆိုပါတယ်။
အခုဆိုရင် အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ သေဆုံးခဲ့ပြီး လက်နက်စက်ရုံတွေနဲ့ နျူကလီးယား အစီအစဉ်တွေကို ဖျက်ဆီးနိုင်ခဲ့ပြီလို့ နေတန်ယာဟုက မှတ်ချက်ပေးပါတယ်။
Source: Reuters










