
ရွေးကောက်ပွဲကျင်းပဖို့ ကျန်ရှိတဲ့ ၇၂ မြို့နယ်ထဲက ၆၃ မြို့နယ်ကို အပိုင်း ၃ အဖြစ် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်မှာ ကျင်းပမယ်လို့ စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ထပ်မံကြေညာလိုက်ပါတယ်။ ကျန်တဲ့ ၉ မြို့နယ်ကို မကျင်းပနိုင်ဘူးလို့ ယူဆပါက စစ်တပ်က ဦးဆောင်ကျင်းပတဲ့ ရွေးကောက်ပွဲဟာ မြို့နယ်ပေါင်း ၂၆၅ မြို့နယ်မှာသာ ကျင်းပနိုင်မဲ့ အခြေအနေပါ။
အပိုင်း ၃ ကျင်းပမယ့် မြို့နယ်တွေထဲ ကချင်ပြည်နယ်က မံစီနဲ့ ရွှေကူ၊ တနင်္သာရီတိုင်းထဲက လောင်းလုံး၊ စစ်ကိုင်းတိုင်းထဲက ကနီနဲ့ ဆားလင်းကြီး၊ ရှမ်းပြည်နယ်ထဲက မက်မန်းနဲ့ ဖယ်ခုံမြို့နယ်တွေက ပြည်သူ့လွှတ်တော်နေရာတွေမှာ စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ ကြံ့ခိုင်ရေးပါတီက ပြိုင်ဘက်မရှိဘဲ အနိုင်ရပြီးသားဖြစ်ပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်ထဲက မိုးနဲမြို့နယ်ပြည်သူ့လွှတ်တော်နေရာကို ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) နဲ့ အမျိုးသားလွှတ်တော် (မဲအများဆုံးရသူအနိုင်ယူစနစ်) အမှတ် ၁ မဲဆန္ဒနယ်ကို "ဝ"အမျိုးသားပါတီက ပြိုင်ဘက်မရှိတာကြောင့် အနိုင်ရထားပြီးသားလည်းဖြစ်ပါတယ်။
စစ်တပ်က ဦးဆောင်ကျင်းပတဲ့ ၂၀၂၅ ရွေးကောက်ပွဲရဲ့ အပိုင်း ၁ ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှာ ၁၀၂ မြို့နယ်၊ အပိုင်း ၂ ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်မှာ ၁၀၀ မြို့နယ်တို့မှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။











