DVB Logo
Home
မြန်မာသတင်း
ပုလဲ၊ဘုတလင်နှင့်ဒီပဲယင်းတို့တွင် ရဲစခန်းတစ်ခုနှင့် စစ်တပ်ယာဉ်တန်းများ မီးရှို့တိုက်ခိုက်ခံရ
DVB
·
October 11, 2021
ပုလဲ၊ဘုတလင်နှင့်ဒီပဲယင်းတို့တွင် ရဲစခန်းတစ်ခုနှင့် စစ်တပ်ယာဉ်တန်းများ မီးရှို့တိုက်ခိုက်ခံရ
Donate to DVB

တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်း ပုလဲ၊ ဘုတလင်နဲ့ ဒီပဲယင်းမြို့နယ်တို့မှာ အောက်တိုဘာ ၁၀ ရက်နေ့က ရဲစခန်းတခု မီးရှို့ခံရပြီး စစ်ကောင်စီယာဉ်တန်းတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

ပုလဲမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပုလဲ PDF တပ်တို့ အောက်တိုဘာ ၁၀ ရက်နေ့ ၉ နာရီလောက်က တိုက်ပွဲတစ်ကြိမ်နဲ့ ၁၁ နာရီဝန်ကျင်းကတစ်ကြိမ် စုစုပေါင်း နှစ်နေရာ  တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ပုလဲပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ တာဝန်ရှိသူဗိုလ်နဂါးက “ကိုလောင်းဂွေ့မှာက စစ်သားနှစ်ယောက်နှုန်းစီးလာတဲ့ ဆိုင်ကယ်သုံးစီးရယ်၊ စစ်ကားကြီးတစ်စီးရယ် ကျနော်တို့ စပယ်ရှယ် မိုင်းဆွဲနိုင်ခဲ့တယ်။ သေချာပြောနိုင်တာကတော့ ဆိုင်ကယ်နဲ့လာတဲ့ စစ်သား ၆ ယောက်ကတော့ လေပေါ်ကို လွင့်စင်မြောက်တက်သွားတယ်။ ကားကတော့ ခြောက်ထဲတစ်လိမ့်ထိုးပဲ။ ကားပေါ်က အသေအပျောက်ကတော့ အတိကျမပြောနိုင်ဘူးဗျ။ နောက်တစ်ပွဲက ပုလဲမြို့နယ် သရက်ကန်လမ်းခွဲမှာ ပုလဲရဲစခန်း ခွေဘီလူးကားကို မိုင်းဆွဲလိုက်တာ ပါလာတဲ့သူတွေတစ်ယောက်မှ ပြန်ထွက်မလာနိုင်ဘူးဗျ။ ဆယ်ယောက်လောက်ပါမယ်လို့ ဒေသခံတွေကတော့ ပြောတာပဲ။ အကျဆုံးကတော့ ဆယ်ဂဏန်းအထက်မှာပဲရှိမယ်။ ကျနော်တို့ဘက်ကတော့ အကျဆုံးမရှိဘူး” လို့ ပြောပါတယ်။

ပုလဲမြိုနယ်အတွင်း တိုက်ပွဲတွေဖြစ်ပွားနေတာ အခုဆိုရင် နှစ်လကျော်၊ သုံးလနီးပါကြာမြင့်လာတာနဲ့အမျှ ဒေသခံတွေလည်း ဘာအလုပ်မှလုပ်ကိုင်လို့မရဘဲ စစ်ဘေးရှောင်နေရတာကြောင့် စာဝတ်နေရေး အခက်အခဲတွေ ရင်ဆိုင်နေရပြီး အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။

ဘုတလင်မြိုနယ်မှာလည်း ရေဦးတန်ဆည်ဘက်က ပြန်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို အောက်တိုဘာ ၁၀ ရက်နေ့ နေ့လယ် ၁ နာရီအချိန်လောက်က မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

အမည်မဖော်လိုသူ တော်လှန်ရေးရဲဘော်တစ်ဦးက “ပေါက်ကွဲတာက ဘုတလင်မြို့နယ် စိုင်ပြင်မြို့ကြား မင်းကျော်ခေါင် ဓာတ်ဆီပန့်ဆိုင်ရဲ့‌မြောက်ဘက် ရေကျော်တံတားမှာ‌ ဖောက်ကွဲခံရတာ။ အထိခိုက်အကျဆုံးကတော့ သေချာရေရေရာရာမသိရဘူး။ ကားမှန်ကွဲကျ‌နေတာတော့ တွေ့ရတယ်။ လာတာက ရေဦး၊ တန့်ဆည်ဘက်တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရလာတဲ့ စစ်သားတွေကို အရပ်စီးကား 4-wheel အမြင့်ကား ၄ စီးနဲ့ ပြန်သယ်လာကြတာကို လမ်းကနေစီးပြီး မိုင်းခွဲတိုက်ခိုက်တာ” လို့ ပြောပါတယ်။

ဒီပဲယင်းမြို့နယ် နှောကန်အုပ်စု သစ်ရာအိုက်ကျေးရွာက စစ်ကောင်စီလက်အောက်ခံရဲစခန်းတခုလည်း အောက်တိုဘာ ၁၀ ရက်နေ့ ည ၉ နာရီလောက်က မီးရှို့ခံရတယ်လို့ ဒေသခံရွာသားတဦးက ပြောပါတယ်။

“မီးကတော့ လောင်နေတာပဲ။ ပထမအသံအကျယ်ကြီးတစ်ခုကြားလိုက်ပြီး အခုလို မီးလောင်တာဖြစ်လာတယ်။ ဘယ်သူ၊ ဘယ်အဖွဲ့က လုပ်တာဆိုတာကိုတော့ အတိကျမသိဘူဗျ။”

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်တွေက နယ်မြေစိုးမိုးမှုရအောင် ထိုးစစ်ဆင်တာတွေ အပြင်းအထန်လုပ်နေပေမဲ့ ဒေသခံနယ်မြေပြည်သူတော်လှန်ရေးအဖွဲ့တွေရဲ့ တိုက်ခိုက်ခံနေရပြီး အကျအဆုံး အများအပြားရှိနေတယ်လို့ ဒေသ PDF တပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

တိုက်ပွဲတွေကြောင့် စစ်ကောင်စီဘက်က ထိခိုက်ကျဆုံး အခြေအနေတွေကိုတော့ ဒီဗွီဘီက သီးခြား အတည်မပြုနိုင်သေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013