
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ စံပြ ၆ မိုင်ကျေးရွာမှာ အောက်တိုဘာ ၉ ရက် မနက် ၇ နာရီခွဲလောက်က ရိက္ခာပြန်ယူတဲ့ ဒေသခံ ညီအစ်ကို ၂ ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်က ဖမ်းဆီး ပစ်သတ်ခဲ့ရာမှာ ၁ ဦးသေဆုံးသွားတယ်လို့ KNDF က ထုတ်ပြန်ပါတယ်။
စံပြ ၆ မိုင်ကျေးရွာ အရှေ့တောင်ပေါ်မှာ စခန်းချထားတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်သား ၁၀ ယောက်လောက်က ကျေးရွာအတွင်း ဝင်ရောက်လာချိန်မှာ နေအိမ်ကို ရိက္ခာယူဖို့ ပြန်လာတဲ့ ကိုကျော်ဟိန်းနဲ့ ကိုဒေါမိနစ်တို့ ညီအစ်ကို နှစ်ယောက်ကို တွေ့ရှိသွားပြီး ဖမ်းဆီးလိုက်တာပါ။
ဒီနောက် စားနပ်ရိက္ခာရယူနိုင်မယ့် နေအိမ်တွေကို လိုက်လံညွှန်ပြခိုင်းခဲ့ပြီးနောက် အစ်ကိုဖြစ်သူကိုကျော်ဟိန်းကို နေရာတင် ပစ်သတ်ခဲ့ပြီး ညီဖြစ်သူ ကိုဒေါမိနစ်ကို ဆက်လက်ပစ်သတ်ဖို့ ကြိုးစားစဉ် ကင်းလှည့်လာတဲ့ KNDF_BO9 တပ်သားတွေက တွေ့ရှိလို့ ပစ်ခတ် ကယ်ဆယ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကိုဒေါမိနစ်မှာ အသက်ဘေးက ကင်းလွတ်ခဲ့ပြီး ဦးခေါင်းမှာ ဒဏ်ရာရရှိခဲ့လို့ KNDF ဆေးခန်းမှာ ဆေးကုသမှု ခံယူနေပါတယ်။ အဲဒီတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း KNDF က ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာ ၉ ရက် ညနေ ၄ နာရီက ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ထားလဲကျေးရွာအနီးမှာ ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို ကရင်နီတပ်မတော် (KA) နဲ့ KNDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့လည်းသိရပါတယ်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေ ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့ပေမဲ့ အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း ဒေသခံ PDF တွေဘက်က ရဲဘော်တချို့ မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။
Photo - KNDF_BO9