DVB Logo
Home
မြန်မာသတင်း
နှိပ်စက်ခံရပြီး ကျဆုံးခဲ့သည့် ပရဟိတသမား အပါအဝင် အပြစ်မဲ့ကျဆုံး ပြည်သူ ၁၁၆၀ ရှိလာ
DVB
·
October 9, 2021
နှိပ်စက်ခံရပြီး ကျဆုံးခဲ့သည့် ပရဟိတသမား အပါအဝင် အပြစ်မဲ့ကျဆုံး ပြည်သူ ၁၁၆၀ ရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၈ လကျော်အကြာ အကြမ်းဖက်စစ်တပ် ပစ်ခတ် သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူပေါင်း ၁၁၆၀ ယောက်ထိ ရှိလာခဲ့ပြီ ဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ အောက်တိုဘာ ၈ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်း ပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၈၈၁၇ ယောက် ဖမ်းဆီးခံခဲ့ရကာ ၇၁၄၆ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၃၄၈ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအတွက်ကတော့ ၁၉၈၉ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ  သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရိပ်သာရပ်ကွက်မှာ နေထိုင်တဲ့ ပရဟိတသမား တယောက်ဖြစ်တဲ့ ကိုအောင်ကျော်ကျော်(ခ)အောင်အောင်ကို အကြမ်းဖက်စစ်အုပ်စု တပ်ဖွဲ့ဝင်တွေက အောက်တိုဘာ ၄ ရက်နေ့က ဖမ်းဆီးခဲ့ပြီးနောက် စစ်ကြောရေးမှာ အလွန်အမင်း ညှဉ်းပန်းနှိပ်စက်ခဲ့ကြတာကြောင့် ၂ ရက်အကြာ အောက်တိုဘာ ၆ ရက် နေ့မှာ ကျဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်။

ဒါ့အပြင် ရန်ကုန်အခြေစိုက် သင်္ဃန်းကျွန်းပို့စ်သတင်းဌာနရဲ့ အယ်ဒီတာ မထက်ထက်နဲ့ သတင်းထောက် ကိုဝေလင်းတို့ ၂ ယောက်ကို အကြမ်းဖက်စစ်အုပ်စုက စက်တင်ဘာ ၁၁ ရက်နေ့ကတည်းက ဖမ်းဆီးထားကြောင်း သိရှိရပါတယ်။

အေအေပီပီအနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင်နေကာ စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံထားရသူတွေ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ်အကြောင်းကြားဖို့ အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013