DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်း၊ မကွေးနှင့်ချင်းကို စစ်တပ်က အင်အားသုံး ထိုးစစ်ဆင်မည့်သတင်း ထွက်ပေါ်
DVB
·
October 8, 2021
စစ်ကိုင်း၊ မကွေးနှင့်ချင်းကို စစ်တပ်က အင်အားသုံး ထိုးစစ်ဆင်မည့်သတင်း ထွက်ပေါ်
Donate to DVB

စစ်ကိုင်း၊ မကွေးနဲ့ ချင်းပြည်နယ်စပ် အနောက်မြောက်တိုင်းစစ်ဒေသကို စစ်ကောင်စီတပ်တွေက အောက်တိုဘာ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ အင်အားသုံးထိုးစစ်ဆင်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ဒေသခံပြည်သူတွေဟာ ထွက်ပြေးတိမ်းရှောင်ဖို့ ပြင်ဆင်နေကြပါတယ်။ 

စစ်ကောင်စီတပ်တွေက ယောဒေသ၊ ပုလဲနဲ့မြောင်မြို့နယ်တွေမှာ ရဟတ်ယာဉ်တွေ၊ လက်နက်ကြီးတွေနဲ့ တပ်သားအင်အားတွေတိုးမြှင့်နေတယ်လို့ ဒေသခံ PDF တွေကပြောပါတယ်။

စက်တင်ဘာလကုန်ပိုင်းက စစ်ကိုင်း၊ မကွေးနဲ့ ချင်းပြည်နယ် နယ်စပ် အနောက်မြောက်တိုင်းစစ်ဒေသမှာ ယာယီစစ်တိုင်းမှူး ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်ကို တာဝန်ပေးပြီးတဲ့နောက် အင်အားသုံးထိုးစစ်ဆင်မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့တာပါ။ 

စစ်ကောင်စီက အောက်တိုဘာ ၉ ရက်နေ့နဲ့ ၁၀ ရက်နေ့တွေမှာ အင်အားသုံးထိုးစစ်ဆင်မယ်ဆိုတဲ့သတင်းတွေကြောင့် စစ်ကိုင်းတိုင်း၊ ပုလဲ၊ ယင်းမာပင်နဲ့ ပုံတောင်ပုံညာဒေသခံတွေဟာ နေရပ်စွန့်ခွာထွက် ပြေးဖို့ ပြင်ဆင်နေကြပါတယ်။ 

ဂန့်ဂေါ-ကလေးလမ်းတစ်လျှောက်မှာ စစ်ကောင်စီက အင်အားအများအပြား ချထားတာကိုတွေ့ရတယ်လို့ စစ်ကိုင်းဒေသခံ နိုင်ငံရေးသမားတစ်ယောက်ကပြောပါတယ်။

"ယာယီစစ်တိုင်းမှူး ရဲချုပ်သန်းလှိုင်တာဝန်ယူပြီးနောက်ပိုင်း စက်တင်ဘာ ၃၀ မှာ ကျင်းပတဲ့ အစည်းအဝေးအပြီးမှာ ဒီသတင်းထွက်ပေါ်ခဲ့တာပါ။ တရားဝင်ထုတ်ပြန်တဲ့သတင်းတော့ မဟုတ်ဘူး။ ဒါပေမယ့် နေရာချထားတဲ့အင်အား၊ နေရာယူထားတဲ့ပုံစံတွေအရ ဖြစ်နိုင်ခြေရှိတယ်ဆိုပြီး ဒေသခံတွေက ပုန်းရှောင်နေတာပါ။"

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာလည်း စစ်ကောင်စီက စနိုက်ပါတပ်သားတွေ၊ တင့်ကားတွေနဲ့ တပ်သားတွေ အင်အားတိုးမြှင့်နေတယ်လို့ ဒေသခံ PDF ခေါင်းဆောင်တစ်ယောက်ကပြောပါတယ်။ 

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် PDF ခေါင်းဆောင်ဗိုလ်နဂါးကတော့ အောက်တိုဘာ  ၉ ရက်နေ့နဲ့ ၁၀ ရက်နေ့မှာ စစ်ကောင်စီက ထိုးစစ်ဆင်မယ်ဆိုတဲ့သတင်းတွေကိုစောင့်ကြည့်နေပြီး တုံ့ပြန်ဖို့သင့်တော်မယ့်နည်းလမ်းကို ပြင်ဆင်နေတယ်လို့ ပြောပါတယ်။

မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့နယ်ထဲမှာလည်း စစ်ကောင်စီက အင်အားအများအပြားအသုံးပြုနေပြီး စစ်ရဟတ်ယာဉ်၊ တာဝေးပစ်အမြှောက်တွေနဲ့ တပ်သားအင်အားတိုးမြှင့်ချထားတယ်လို့ ယောဒေသကာကွယ်ရေးတပ် YDF တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ 

ယောဒေသခံပြည်သူတွေကိုလည်း တိုက်ပွဲမဖြစ်ခင်ပုန်းရှောင်နိုင်ဖို့ ကြိုတင်သတိပေးချက်တွေ ထုတ်ပြန်ထားတယ်လို့လည်း ဆိုပါတယ်။

အောက်တိုဘာ ၇ ရက်နေ့မနက်ပိုင်းမှာ မကွေးတိုင်း ဂန့်ဂေါခရိုင်၊ စစ်ကောင်စီတပ် ခလရ ၅၀ ကနေ စစ်ကား ၅၀ ကျော်ပါဝင်တဲ့ ယာဉ်တန်းဟာ  ဟားခါး- ကလေးလမ်းဆုံကို ဦးတည်ခဲ့ပြီး အောက်တိုဘာ ၈ ရက်နေ့မနက်ပိုင်းမှာ စစ်ကိုင်းတိုင်း ကလေးမြို့ထဲကို ဝင်ရောက်ခဲ့ပါတယ်။ 

စစ်ကောင်စီက ဂန့်ဂေါ-ကလေးထောက်ပို့လမ်းကြောင်းအတွက် မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ စိုင်ဒူးကျေးရွာက ပြည်သူ ၄၀ ကျော်ကို လူသားဒိုင်းအဖြစ်အသုံးပြုခဲ့ပြီး အောက်တိုဘာ ၈ရက်နေ့မှာတော့ ဓားစာခံတွေကိုပြန်လွှတ်ပေးခဲ့ပါတယ်။ 

စစ်ကောင်စီက ချင်းပြည်နယ်ကို အချိန် ၂ ပတ်အတွင်း အပြီးချေမှုန်းမယ်ဆိုတဲ့ သတင်းတွေလည်းထွက်ပေါ်နေပြီး မင်းတပ် PDF ခေါင်းဆောင်တစ်ယောက်က တိုက်ပွဲတွေဖြစ်ရင် အဖြေတစ်ခုထွက်လာမယ်လို့ ဆိုထားပါတယ်။ 

အနောက်မြောက်ပိုင်းစစ်ဒေသမှာ စစ်ကောင်စီရဲ့ထိုးစစ်ဆင်တိုက်ခိုက်တာတွေကြောင့် ဒေသခံပြည်သူ ၄ သောင်းကျော်စစ်ဘေးရှောင်နေရပြီး စားဝတ်နေရေး ခက်ခဲနေပါတယ်။ 

 သတင်း- KMT၊ ZCA   

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013