စစ်ကိုင်းတိုင်း ကလေးမြို့နယ်ထဲမှာ အောက်တိုဘာ ၇ ရက် ညနေပိုင်းက စစ်ကောင်စီ တပ်ဖွဲ့တွေကို နေရာ ၂ ခုမှာ မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး ၁၂ ဦး သေဆုံး၊ အများအပြား ဒဏ်ရာ ရရှိသွားတယ်လို့ ကလေး PDF က ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၇ ရက် ညနေ ၄ နာရီလောက်မှာ ကလေးမြို့ကနေ တောင်ဘက်ပိုင်းကို မောင်းနှင်လာတဲ့ စစ်ကောင်စီတပ်ကား ၂ စီးဟာ နည်းပညာတက္ကသိုလ် GTC ကျောင်းအနီး ရပ်ကာ လမ်းဘေး ဝဲ-ယာ တစ်လျှောက် မိုင်းရှာဖွေနေစဉ် ကလေး PDF အဖွဲ့က ထောင်ထားတဲ့ မိုင်းကို ဖောက်ခွဲလိုက်ရာ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။
အဲဒီနောက် သေဆုံးအလောင်းတွေကို ကားပေါ်တင်ကာ ကလေးမြို့ဘက်ကို ပြန်လည်မောင်းနှင်သွားပြီး လမ်းတစ်လျှောက်ကိုလည်း ရမ်းသမ်းပစ်ခတ်သွားတယ်လို့ ဆိုပါတယ်။
ညနေ ၅ နာရီခွဲခန့်လောက်တော့ စစ်ကောင်စီတပ်ကား ၅ စီးဟာ ကလေးမြို့ကနေ တောင်ဘက်သို့ ထပ်မံထွက်ခွာလာစဉ် ထောက်ကြန့်ရွာ နဲ့ သာယာကုန်းရွာကြား တစ်နေရာမှာ ကလေး PDF အဖွဲ့ဝင်တွေက ထပ်မံမိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အရှေ့ဦးဆုံးက စစ်ကား ၁ စီး မိုင်းထိမှန်ခဲ့ပြီး စစ်ကောင်စီတပ်သား ၈ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိသွားကြောင်းနဲ့ မိုင်းဖောက်ခွဲခံရပြီးနောက် ထောက်ကြန့်ရွာအတွင်းကိုလည်း စစ်ကောင်စီတပ်ဖွဲ့က ရမ်းသမ်း ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။