DVB Logo
Home
မြန်မာသတင်း
အခြေခံရည်ညွှန်းစပါးစျေးနှုန်း သတ်မှတ်ချက် တောင်သူအတွက် အကျိုးအမြတ်မရှိနိုင်
DVB
·
October 6, 2021
အခြေခံရည်ညွှန်းစပါးစျေးနှုန်း သတ်မှတ်ချက် တောင်သူအတွက် အကျိုးအမြတ်မရှိနိုင်
Donate to DVB

စပါးတင်း ၁၀၀ အတွက် အခြေခံရည်ညွှန်းစပါးစျေးကို ကျပ် ၅ သိန်း ၄သောင်း နှုန်းနဲ့ သတ်မှတ်ထားကြောင်း တောင်သူလယ်သမားအခွင့်အရေး၊ ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့က  အောက်တိုဘာ ၆ ရက် ဒီနေ့ ကြေညာလိုက်ပါတယ်။

အဆိုပါသတ်မှတ်ထားတဲ့ အခြေခံရည်ညွှန်းစပါးစျေးဟာ ၂၀၂၁ မိုးစပါး နဲ့ ၂၀၂၂ နွေစပါးအတွက်သာ ဖြစ်ပါတယ်။

ဒါကြောင့် စျေးကွက်ပေါက်စျေးက အခြေခံရည်ညွှန်းစပါးစျေးနှုန်းအပေါ်ရှိပါက စျေးကွက်ပေါက်စျေးအတိုင်းဝယ်ယူဖို့နဲ့ တကယ်လို့ စျေးကွက်ပေါက်စျေးက အခြေခံရည်ညွှန်းစပါးစျေးနှုန်းအောက်မှာ ရှိနေပါက အခြေခံ ရည်ညွှန်းစပါးစျေးနှုန်းအတိုင်း ဝယ်ယူရမယ်လို့ အာမခံပေးထားပါတယ်။

ဒီစျေးနှုန်းက မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ်က အဆိုပြုတင်သွင်း ထားတဲ့ စျေးနှုန်းလည်းဖြစ်ပါတယ်။ လက်ရှိစပါးစျေးကွက်မှာတော့ အစိုဓာတ် ၂၇မှတ်ကနေ ၃၃ မှတ်လောက်ရှိနေတဲ့ တစ်တင်း ၅၅ ပေါင်ကိုက် ရယူတဲ့ ဆင်းသုခ၊ ပခန်း စတဲ့စပါးတွေကတော့ တင်း ၁၀၀ ကိုကျပ် ၅ သိန်းစျေးရှိ နေပါတယ်။ 

မှော်ဘီ - ၂၊ ဆင်းသွယ်လတ်၊ ပြည်တော်ရင် စတဲ့ စပါးတွေကတော့ တင်း ၁၀၀ ကို ကျပ် ၅၉၀,၀၀၀ လောက်ရှိပါတယ်။ တခြား အထွက်ကောင်းနဲ့ ဆန်မွှေးစပါး မျိုးဖြစ်တဲ့ ချမ်းမြေ့မေ လိုစပါးမျိုးကတော့ အခြောက်စပါး တင်း၁၀၀ ကို ကျပ် ၆၇၀,၀၀၀ လောက် ရှိနေပါတယ်။ 

ဒါပေမဲ့ စျေးနှုန်းတွေကြီးမြင့်လာတဲ့ သွင်းအားစု ကုန်ကျစရိတ်နဲ့ အခု သတ်မှတ်လိုက်တဲ့ စျေးက တောင်သူတွေအတွက် တွက်ခြေကိုက်ဖို့ဆိုတာက များစွာစိန်ခေါ်မှု ရှိနေပါတယ်။

လတ်တလောမြင့်တက်နေတဲ့ စိုက်ပျိုးရေးသွင်းအားစုစျေးနှုန်းတွေ၊ အထွေထွေကုန်စျေးနှုန်းတွေကြောင့် အဆိုပါ စပါးစျေးသတ်မှတ်ချက်က စိုက်ပျိုးတောင်သူတွေအတွက် အကျိုးအမြတ်မရနိုင်တဲ့ စျေးနှုန်းသာဖြစ်တယ်လို့ စပါးစိုက်ပျိုးတဲ့ တောင်သူတွေက ဆိုပါတယ်။

ဧရာဝတီတိုင်းအတွင်းက စပါးစိုက်တောင်သူ တစ်ဦးက “စပါးအထွက်နည်းတာရယ်၊ သွင်းအားစု စျေးကြီးတာရယ်၊ အထွေထွေ ကုန်စျေးနှုန်းတက်နေတာရယ် နဲ့ ဒီစျေးနှုန်းက တောင်သူအတွက် ဘယ်လိုမှ အဆင်မပြေနိုင်ဘူး”လို့ ပြောပါတယ်။

ဆန်စပါးသုတေသနပညာရှင်တဦးကလည်း “စျေးနှုန်းကြီးမြင့်လာတဲ့ သွင်းအားစုကုန်ကျစရိတ်နဲ့ အခုသတ်မှတ်ထားတဲ့ စျေးက ရှင်းရှင်းပြောရရင်တော့ တောင်သူတွေအတွက် သိပ်အကိုက်ကြီး မဟုတ်ဘူးဗျ။ ဒါပေမဲ့ ကျနော်မြင်တာက ဒီလို သတ်မှတ်ပေမဲ့ အခုလက်ရှိအနေအထားကတော့ သူ့အထက်မှာပဲ ရှိမှာပါ။ စျေးကတော့ သတ်မှတ်တာ သတ်မှတ်တာပေါ့။ တကယ်တမ်း အရောင်းအဝယ်ဖြစ်နေတဲ့စျေးက ၆ သိန်းဝန်းကျင် ရှိပါတယ်။ ဘာကြောင့်လဲဆို တချို့ ၅ သိန်းစွန်းစွန်းနဲ့ ပြောနေတဲ့စျေးက စပါးအစိုဓာတ်က ၂၅-၃၀  ရာခိုင်နှုန်း ရှိတာလေ။ အဲ့တော့ ဒါကို အခြောက်ခံနိုင်ရင် စပါးတင်း ၁၀၀ စျေးက ၆ သိန်းခွဲ နဲ့ ၇ သိန်းကြားတော့ ရပါတယ်။ ဘာကြောင့်လဲဆို အခုသတ်မှတ်ထားတဲ့ ၅ သိန်း ၄ သောင်း ဆိုတာက အစိုဓာတ် ၁၄ ရာခိုင်နှုန်းသတ်မှတ်ထားပြီးသားပါ။ ပြီးတော့ အဖျင်း၊ အမှော် ကင်းရမယ် ဆိုပြီး အရည်အသွေး သတ်မှတ်ထားပြီးသားပါ။ အဲ့တော့ သူတို့ထုတ်လုပ်တဲ့စပါးကလည်း အရည်အသွေးကောင်းရင် ကောင်းသလို သူ့နယ်အလိုက် ပေါက်စျေးတွေ ရှိပါတယ်။ အဲ့တော့ အခုလက်ရှိအနေအထားက ကျနော်မြင်တာက ၆ သိန်းခွဲ နဲ့ ၇ သိန်းကြားတော့ရှိပါတယ်။ ဒါက သတ်မှတ်ထားတဲ့ အရည်အသွေးကောင်း စပါး ဖြစ်ဖို့တော့လိုတာပေါ့နော်” လို့ သုံးသပ်ပြောပါတယ်။

မြန်မာနိုင်ငံမှာ စပါးသီးနှံအတွက် အခြေခံရည်ညွှန်းစျေးနှုန်းသတ်မှတ်ချက်ကို ၂၀၁၈ ခုနှစ်က စတင်သတ်မှတ်ထုတ်ပြန်ခဲ့ တာဖြစ်ပါတယ်။ ဒါကလည်း တောင်သူလယ်သမားတွေအတွက် သင့်တင့်မျှတတဲ့ စျေးကွက်နဲ့စျေးနှုန်းဖြစ်ပေါ်လာစေဖို့ တောင်သူလယ်သမားအခွင့်အရေး၊ ကာကွယ်ရေးနှင့်အကျိုးစီးပွားမြှင့်တင်ရေးဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ ဆောင်ရွက် တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ -၂၀၁၉ ခုနှစ်မှာ အခြေခံရည်ညွှန်းစပါးစျေးက စပါးတင်း ၁၀၀ ကို ကျပ် ၅ သိန်းနှုန်း သတ်မှတ်ပေးခဲ့ပြီး ၂၀၂၀-၂၀၂၁ မှာတော့ ကျပ် ၅ သိန်း ၂သောင်း အထိရှိလာခဲ့ရာ အခုတကြိမ်မှာတော့ ကျပ် ၅ သိန်း ၄ သောင်းအထိ တိုးလာတာတွေ့ရပါတယ်။

စံသတ်မှတ်ချက်အရ အစိုဓါတ် ၁၄ ရာခိုင်နှုန်းရှိပြီး အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်ပြီး အရည်အသွေးဆိုင်ရာသတ်မှတ်စံချိန် စံညွှန်းတွေနဲ့ ကိုက်ညီတဲ့ ၁ တင်း ၄၆ ပေါင်ကိုက် စပါးတင်း ၁၀၀ ဖြစ်ရမယ်လို့ သတ်မှတ်ထားပါတယ်။

သတ်မှတ်ထားတဲ့အခြေခံ ရည်ညွှန်းစျေးနဲ့ရောင်းချဖို့ အခက်အခဲရှိတဲ့ တောင်သူလယ်သမားတွေ အနေနဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ မြို့နယ် ကိုယ်စားလှယ်တွေထံ ဖြစ်စေ အသင်းချုပ်ရုံးဆီတိုက်ရိုက်ဖြစ်စေ ဆက်သွယ်နိုင်တယ်လို့ အသိပေးထားပါတယ်။

ပြီးခဲ့တဲ့နှစ်ကတော့ အခြေခံရည်ညွှန်း စပါးစျေးနှုန်း တင်း၁၀၀ကို ကျပ်၅၂၀၀၀၀ သတ်မှတ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ကျပ်ငွေ တန်ဖိုး တဟုန်ထိုး ကျဆင်းပြီး ပြည်ပကနေ အဓိက တင်သွင်းနေရတဲ့ စိုက်ပျိုးရေးသွင်းအားစုစျေးတွေ အဆမတန်မြင့်တက်ခဲ့ပါတယ်။ 

ဒါကြောင့် တောင်သူတွေ စိုက်ပျိုး ထုတ်လုပ်ရာမှာ ကုန်ကျစရိတ် ပိုမြင့်တက်လာပြီး၊ သွင်းအားစုထည့်သွင်းမှု လျှော့ချရတာ၊ ရာသီဥတု မမှန်တာတွေကြောင့်လည်း ယခုနှစ် စပါးအထွက်နှုန်းလျှော့ကျနေတယ်လို့ တောင်သူတွေထံက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013