DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
ဗုံးခွဲခံရတဲ့ နေပြည်တော် ကက(ဝယ်) ညွှန်မှူးရုံး လုံခြုံရေးအကြောင်း တစေ့တစောင်း
DVB
·
October 6, 2021
ဗုံးခွဲခံရတဲ့ နေပြည်တော် ကက(ဝယ်) ညွှန်မှူးရုံး လုံခြုံရေးအကြောင်း တစေ့တစောင်း
1 / 6
Donate to DVB

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘုရင့်နောင်ရပ်ကွက်မှာရှိတဲ့ ကက(ဝယ်) တပ်မတော်ကာကွယ်ရေး ပစ္စည်းဝယ်ယူရေး ညွှန်ကြားရေးမှူးရုံးမှာ စက်တင်ဘာ ၃၀ ရက် ညနေ ၅ နာရီလောက်က  ဗုံးခွဲတိုက်ခိုက်ခံရလို့ စစ်ဘက်ဆိုင်ရာ ကားတစီးနဲ့ အဆောက်အဦရဲ့ အစိတ်အပိုင်းတချို့ ပျက်ဆီးသွားပါတယ်။

ဒီဖောက်ခွဲမှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (နေပြည်တော်)နဲ့အတူ တခြား အမည်မဖော်လိုတဲ့ တော်လှန်ရေးအင်အားစုတစ်ခုတို့က ပူးပေါင်းပြီး ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ နေပြည်တော် PDF ကထုတ်ပြန်ထားပါတယ်။

ခုလို ဗုံးခွဲတိုက်ခိုက်ခံရတဲ့ရုံးဟာ တပ်မတော်ပစ္စည်းဝယ်ယူရေးညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး  ဗိုလ်ချုပ် ခင်မောင်သန်းကိုယ်တိုင်ရုံးထိုင်တဲ့ရုံးဖြစ်ပြီး အဲဒီရုံးရဲ့ လုံခြုံရေးအထပ်ထပ် ချထားတဲ့ အခြေအနေနဲ့ ပတ်သက်လို့ PDF တပ်ဖွဲ့ဝင်တဦးက ဒီဗွီဘီကို ပြောပြထားပါတယ်။ 

ကက (ဝယ်) ညွှန်မှူးရုံးရဲ့ ဂိတ်နှစ်ထပ်အပြင်စည်းလုံခြုံရေး

“နေပြည်တော်မှာရှိတဲ့ ကက (ဝယ်) ရုံးက၊ ဥတ္တရသီရိလမ်းပေါ်မှာ ရှိတယ်ခင်ဗျ။ မင်္ဂလာဈေးနားလေးမှာရှိတယ်ခင်ဗျ၊ သူ့ရုံးကို ဘယ်လိုဝင်ရသလဲဆိုတော့၊ ပထမဦးဆုံး Main အဓိကဝင်ပေါက်ပေါ့။ အဲဒီရုံးကို ဝင်မယ်ဆိုရင် ဂိတ်နှစ်ဂိတ်ကို ဖြတ်ရတယ်။ ပထမဂိတ်က သစ်သားနဲ့တားထားတဲ့ ဝါးတန်းလိုဟာမျိုးနဲ့ တားထားတဲ့ ဂိတ်ကို ဝင်ရတယ်။ ကားဝင်မယ်ဆိုရင် ကားလိုင်စင်တို့ ကား Wheel tax တို့ အဲဒါတွေ ပေးပြီး ယာဉ်ဝင်ခွင့်နဲ့ဝင်ရတယ်၊ ဝင်ပြီးရင် ရိုးရိုးအပြင်လူတွေ ကုမ္ပဏီကလူတွေဆိုရင် အပြင်က ကားပါကင်မှာ ကားရပ်ရတယ်။ ရပ်ပြီးရင် ဒုတိယ ဂိတ် ၂ ကနေ  ဝင်ရတယ်။ ဝင်တဲ့အခါမှာ ပထမဦးဆုံး Metal detector ရှိတဲ့ စက်ကို လူကိုယ်တိုင် ဖြတ်ရတယ်၊ အဲဒီကထွက်ရင် လက်နဲ့ကိုင်ထားတဲ့ Metal detector နဲ့ထပ်စစ်တယ်။ စစ်ပြီးရင် အဲဒါကိုကျော်သွားပြီးရင် မှတ်ပုံတင်နဲ့ ကားယာဉ်မောင်းလိုင်စင်ကို ယူပြီးရင် ကိုယ်ဝင်မယ့်အချိန်၊ တွေ့ရမယ့်လူ ဘာကိစ္စလဲဆိုတာရေး၊ ဘယ်ကလာလဲဆိုတာရေးပြီးရင် ဧည့်ဝင်ခွင့်ကတ်နဲ့လဲရတယ်။ လဲပြီးနေတော့မှ ဒီအထဲကို ဝင်ရတယ်။ ဒီအတိုင်းဝင်လို့မရဘူး၊ အကုန်လုံးလည်း လမ်းလျှောက်ဝင်ရတယ်။  နံပတ် ၂ ဂိတ်ကို ဖြတ်မယ်ဆိုရင် ကျနော်တို့က အိုင်ဒီ အပြင် လုံခြုံရေးတပ်သားတွေက အမြဲတမ်း နှစ်ယောက်မဟုတ် သုံးယောက်က အဲဒီမှာ ရှိတယ်”။

ဘယ်လိုလူတွေ ကားနဲ့ဝင်ခွင့်ရှိသလဲ  

“ဒီအထဲကို ကားနဲ့ ဝင်လို့ရတဲ့သူသည် ဒီရုံးကညွှန်ချုပ်ရယ်၊ လက်နက်လာရောင်းတဲ့ လက်နက်ပွဲစားတွေရှိတယ်၊ သူနဲ့ရာထူးတူတဲ့ တခြားရုံးက လူကြီးတွေလာရင် ဒီအထဲကို အစစ်အဆေးမရှိဝင်တယ်။ ကားနဲ့ဝင်လို့ရတယ်။ ကျန်တဲ့လူတွေက အစစ်အဆေးခံပြီးမှ ဝင်လို့ရတယ်။ တော်ရုံတန်ရုံ UN ကားတို့ဘာတို့ဆိုရင်တောင် အပြင်က ပါကင်မှာပဲ ရပ်ရတယ်။ ပြီးမှ အထဲကို လမ်းလျှောက်ဝင်ရတယ်၊ အထဲကို တခုခုလုပ်မယ်ဆိုရင် ကားနဲ့ဝင်မှဘဲ လွတ်မယ်၊ လမ်းလျှောက်ဝင်ရင် ဘယ်လိုမှ လွတ်စရာ အကြောင်းမရှိဘူး။ တကယ်လို့ ဧည့်သည်တွေဘာတွေလာလို့ ၊ လက်နက်ပွဲစားတွေဘာတွေ လာရင် ဝင်လို့တော့ရတယ် ဒါပေမဲ့ ဒီဝင်းထဲမှာတော့ ကားရပ်ခွင့်မရှိဘူး၊ ကားရပ်ပြီးရင်ဆင်း ဆင်းပြီးရင် ကားကပြန်ထွက်ရတယ်၊ နောက်တဖက်မှာ အပေါက်တစ်ပေါက်ရှိတယ်၊ အသေပိတ်ထားတယ်၊ ဝင်လို့လည်းမရဘူး၊ ထွက်လို့လည်းမရဘူး။  တကယ်လို့ သူနဲ့ ရာထူးတူတဲ့လူ လာရင်တော့ ဒီဝင်းထဲမှာ ရပ်လို့ရတယ်၊ ပေါ်တီဂို (ဆင်ဝင်)မှာရပ်လို့မရဘူး။  တခြားအရိပ်ရတဲ့နေရာမှာရပ် ၊  လူကြီး ဝင်သွားပြီး ပြန်ထွက်လာတဲ့အထိပေါ့။ ဒါပေမဲ့ကျန်တဲ့ကားတွေရပ်ခွင့်မရှိဘူး။ ကျန်တဲ့ကားတွေ ယူအန်ပဲဖြစ်ဖြစ် လက်နက်ပွဲစားပဲဖြစ်ဖြစ် ဘယ်သူ့ကားမဆို အဲဒီအထဲမှာ ဝင်ရပ်လို့ မရဘူး၊ လူချပြီးတာနဲ့ အပြင်ထွက်ရတယ်။ သူနဲ့ ရာထူးတူတဲ့လူ ဗိုလ်ချုပ် ဒါမှမဟုတ် စစ်တပ်မှာ ညွှန်ကြားရေးမှူး အဆင့်ရှိတဲ့ လူရဲ့ကားပဲ အဲဒီအထဲကို ဝင်လို့ရပြီး ရပ်လို့ရတယ်၊ ဒရိုက်ဘာနဲ့အတူတူ။”

ဗုံးဘယ်နေရာမှာပေါက်ကွဲတာလဲ

“အခုဗုံးပေါက်သွားတဲ့နေရာက Main ဆင်ဝင်ဘေးက အဲဒီနေ့ကဖြစ်သွားတဲ့အချိန်မှာ ဘာဖြစ်လဲဆိုတော့ လူတွေသတိမထားမိတာက၊ ၄ နာရီ ၅၅ မိနစ်၊  ၅ နာရီက ရုံးဆင်းချိန်ဖြစ်ပါတယ်။ အားလုံးရုံးဆင်းပြီး အဲဒီညွှန်မှူးပြန်တဲ့အချိန်ဖြစ်ပါတယ်၊ နောက်ပြီး ဒီပေါ်တီဂိုမှာ ဒီကားရပ်ထားတာက ဒီရုံးကလူကြီး ပြန်မှာမို့လို့ လာစောင့်ပြီး ရပ်ထားတဲ့ အချိန်ဖြစ်ပါတယ်၊ ရုံးကိုသီးသန့်လုပ်တာမဟုတ်ဘဲနဲ့ ဒီလူကို ပစ်မှတ်ထားပြီး ဗုံးဖောက်ခွဲမှုလုပ်တာဖြစ်တယ်။ နောက်ပြီးတော့ ဒီကားနံပတ် ၇၃၁၄ (စ) သည် ကက(ဝယ်)က ညွှန်မှူးစီးတဲ့ကားဖြစ်ပါတယ်။ သူ့ရဲ့ နာမည်က ဗိုလ်ချုပ်ခင်မောင်သန်းဖြစ်ပါတယ်။ ပစ္စည်းဝယ်ယူရေး ညွှန်ကြားရေးမှူးဖြစ်ပါတယ်။ သူ့ရဲ့ကားဗုံးကွဲပြီးနဲ့ မကွဲခင် ကွာခြားချက်ကို ဓာတ်ပုံမှာ မြင်တွေ့ နိုင်ပါတယ်။”

ညွှန်မှူး၊ PSO နဲ့ ယာဉ်မောင်းတို့ရဲ့ကံကြမ္မာ  

“ဒီဖြစ်စဉ်မှာက အဲဒီနေ့မှာက နေ့လယ် ၂ နာရီခွဲမှာ ပြန်ထွက်သွားတဲ့ ကားတစီးရှိတယ်။ သူနဲ့အလားတူ အရောင်ကလည်း စစ်စိမ်းရောင်ပဲ။ High Lander  ပဲ ကားနံပတ်က  ၇၂၉၉ (စ) အဲဒါဘယ်သူ့ကားလဲ။ အဲဒီကားသည် ဒီဘက်မှာရပ်ပြီးတော့ ၂ နာရီခွဲမှာ ထွက်သွားတယ်။  ၅ နာရီမှာ ဒီနေရာမှာပေါက်တယ်၊၂၀၂၁ စက်တင်ဘာ ၃၀   ညနေ ၅ နာရီ နေပြည်တော် ကက (ဝယ်) ညွှန်ကြားရေးမှူးရုံးမှာ ဗုံးပေါက်တယ်၊ ဗုံးပေါက်တဲ့ အချိန်မှာရှိတဲ့ ၇၃၁၄ (စ) ကားဟာ ဘယ်သူစီးတဲ့ကားလဲ၊ နောက်ပြီးတော့ ဒီဟာက အဲဒီနေ့ ရုံးဆင်းချိန်မှာ ဖြစ်သွားပြီးတော့ အခု ဗိုလ်ချုပ်ခင်မောင်သန်းရယ် ၊ သူ့ရဲ့ PSO ဗိုလ်ကြီး နိုင်ကိုဝင်းရယ် ကားဒရိုင်ဘာရယ် ၃ ယောက် ဘယ်ရောက်နေလဲ။” 

လုံခြုံရေးတပ်ဖွဲ့ရဲ့ သတင်းမှတ်တမ်းအရတော့ ကက(ဝယ်) ညွန်မှူးရုံး ဆင်ဝင်အောက်ဘယ်ဘက်ခြမ်းရှိ အမြင့် ၂ ပေခွဲလောက်ရှိတဲ့ ပန်းအိုးအတွင်းကနေ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့သိရပါတယ်။

အဲဒီဗုံးပေါက်ကွဲမှုကြောင့် ဆင်ဝင်အောက်မှာ ရပ်ထားတဲ့  စစ်ဘက်ဆိုင်ရာ High Lander ယာဉ် လေကာမှန်တွေနဲ့ မီးသီးတွေကွဲသွားသလို အဆောက်အဦရဲ့ ဆင်ဝင် မျက်နှာကြက်တွေနဲ့  အစိတ်အပိုင်းတချို့ ထိခိုက်ပျက်စီးသွားတယ်လို့လည်း ဆိုပါတယ်။

ပြည်သူ့ဘက်ကနေ မရပ်တည်တာ၊ (CDM) မပြုလုပ်တာနဲ့  ပြည်သူဘက် မျက်နှာမမူဘဲ လက်တဆုပ်စာ အာဏာရူး အကြမ်းဖက် စစ်ကောင်စီရဲ့ ထောက်တိုင် လက်ကိုင်တုတ်တွေ အဖြစ် ဆက်လက်ရပ်တည်နေသူတွေအတွက် ကနဦး လှုပ်ရှားမှုအဖြစ် ဗုံးခွဲတိုက်ခိုက်တာဖြစ်ပြီး  မကြာမီ ဒီထက်ပိုမိုပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်သွားမယ်လို့ နေပြည်တော် PDF အဖွဲ့ကတော့  သတိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013