DVB Logo
Home
မြန်မာသတင်း
မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေသဖြင့် ဆေးဝါးပစ္စည်းများဈေးတက်၊ IT ပစ္စည်းရောင်းအားကျ
DVB
·
October 6, 2021
မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေသဖြင့် ဆေးဝါးပစ္စည်းများဈေးတက်၊ IT ပစ္စည်းရောင်းအားကျ
Donate to DVB

ကျပ်ငွေတန်ဖိုးကျဆင်းပြီး  ဒေါ်လာဈေးတက်နေတာကြောင့် မရှိမဖြစ် လိုအပ်တဲ့ ဆေးဝါးကုန်ပစ္စည်းတွေဟာ ၃၀ ရာခိုင်နှုန်းအထိ ဈေးတက်လာပြီး IT နည်းပညာပစ္စည်းတွေကတော့ ၄၀ ရာခိုင်နှုန်းအထိ ရောင်းအားကျနေပါတယ်။  

စက်တင်ဘာလကုန်ပိုင်းမှာ အမေရိကန် ၁ ဒေါ်လာကို ငွေကျပ် ၂၈၀၀ အထိ စံချိန်တင် ဈေးမြင့်တက်ခဲ့ပြီးနောက်မှာ ဒေါ်လာပေးပြီး ဝယ်ယူရတဲ့ ပြည်ပသွင်းကုန်နဲ့ လည်ပတ်တဲ့ လုပ်ငန်းအများစုဟာ လုပ်ငန်းရပ်ဆိုင်းရမယ့်အခြေအနေနဲ့ရ င်ဆိုင်လာရတာပါ။ 

လုပ်ငန်းရှင်တွေဟာ ဒေါ်လာဈေးတက်သလို လိုသလောက် ဝယ်လို့မရတဲ့အတွက် ကုန်ပစ္စည်းတွေ မှာယူတင်သွင်းဖို့ အခက်အခဲကြုံနေရပြီး ပြန်ရောင်းတဲ့အခါမှာလည်း ကုန်ပစ္စည်းတွေဟာ ဈေးကြီးနေတာကြောင့် အရောင်းအဝယ်ဖြစ်ဖို့ ခက်ခဲနေပါတယ်။

ဒေါ်လာဈေး ငွေကျပ် ၂၀၀၀ နီးပါး ရောက်လာချိန်ကတည်းက ပြည်ပကတင်သွင်းတဲ့ ဆေးဝါးတွေ ဈေးတက်ခဲ့တဲ့အတွက် အရောင်းအဝယ်လုပ်ဖို့ ချင့်ချိန်လာရတယ်လို့ ဆေးဆိုင်ပိုင်ရှင် တစ်ယောက်က ပြောပါတယ်။

ပြည်သူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ဆေးဝါးပစ္စည်းတွေဟာ အရင်ကထက် ၃၀ ရာခိုင်နှုန်းလောက်အထိ ဈေးတက်လာတယ်လို့ ဆေးဆိုင်ပိုင်ရှင်က ပြောပါတယ်။

နည်းပညာပစ္စည်းတွေဖြစ်တဲ့ ကွန်ပျူတာနဲ့ ဖုန်း ဈေးကွက်ဟာလည်း ၄၀ ရာခိုင်နှုန်းလောက်အထိ အရောင်းအဝယ်ကျသွားတယ်လို့ အိုင်တီပစ္စည်းအရောင်းဆိုင်ပိုင်ရှင်တစ်ယောက်ကပြောပါတယ်။ 

ငွေဈေးမတည်ငြိမ်တာကြောင့်မှာယူတင်သွင်းတုန်းက ဈေးနှုန်းနဲ့ ပြန်ရောင်းတဲ့ဈေးနှုန်းကို ချင့်ချိန်ဖို့လည်း ခက်ခဲနေတယ်လို့ ဆိုပါတယ်။ ငွေကြေးနစ်နာဆုံးရှုံးတာ များလာတဲ့အတွက် နည်းပညာပစ္စည်း မော်ဒယ်အသစ်တွေကို မှာယူတင်သွင်းတာတွေ ရပ်ဆိုင်းထားတယ်လို့  ဖုန်းနဲ့ အိုင်တီပစ္စည်းအရောင်းဆိုင်ပိုင်ရှင်တစ်ဦးက ဆိုပါတယ်။

ပြည်ပထုတ်ကုန်ပစ္စည်းတွေကို မှာယူရောင်းချနေကြတဲ့ Online Shopping လုပ်ငန်းတွေဟာလည်း ငွေစျေးမတည်ငြိမ်တာကြောင့် လုပ်ငန်းတွေ တဖြည်းဖြည်း ရပ်ဆိုင်းကုန်ပါတယ်။ ငွေဈေးမတည်ငြိမ်တာကြောင့် ကုန်ပစ္စည်းဈေးလည်း မတည်ငြိမ်တော့ဘဲ လုပ်ငန်းလုပ်တဲ့အခါ အခန့်မသင့်ရင် မတရားအမြတ်ယူတယ်ဆိုပြီး နာမည်ကို ထိခိုက်စေနိုင်တယ်လို့ Online Shopping လုပ်ကိုင်သူက ပြောပါတယ်။

ငွေကြေးပညာရှင်တချို့ကတော့ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးမတည်ငြိမ်တာကြောင့် ဒေါ်လာဈေးတက်ပြီး ကျပ်ငွေဖောင်းပွတာလို့ သုံးသပ်ပါတယ်။

စစ်ကောင်စီအနေနဲ့ စီးပွားရေးတစ်ခုတည်းကို ကွက်ပြီးဖြေရှင်းချင်လို့မရဘဲ နိုင်ငံရေးမှာ အများလက်ခံနိုင်မယ့် အဖြေတစ်ခုကိုရှာမှ နိုင်ငံရေးနဲ့ စီးပွားရေးကို တည်ငြိမ်အောင် ထိန်းနိုင်မယ်လို့ ဆိုကြပါတယ်။

စစ်ကောင်စီ သတင်းပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သူတို့လက်ထက်မှာ ဖြစ်တဲ့ပြဿနာကို တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ဖြေရှင်းမယ်လို့ ပြောဆိုထားပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေကလည်း စစ်ကောင်စီက ဘယ်လိုဖြေရှင်းမလဲဆိုတာကို စောင့်ကြည့်မယ်လို့ ပြန်လည်ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013