
မကွေးတိုင်း မြိုင်မြို့နယ်တောင်ပိုင်း၊ မြဇီးတောရွာကို ဇွန် ၁၇ ရက် မနက် ၇ နာရီခွဲက စတင်ပြီး စစ်တပ်စစ်ကြောင်းက မီးရှို့နေတာကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ သိရ ပါတယ်။
အဆိုပါစစ်ကြောင်းဟာ ဇွန် ၁၂ ရက်က စတင်ပြီး ပခုက္ကူ တပ်မ ၁၀၁ နဲ့ ပူးပေါင်းတပ်တွေ ဖြစ်တယ် လို့လည်း ဒေသခံရွာသားတယောက်က ပြောပါတယ်။
“မနက်အစောကြီး ပစ်ခတ်ပြီး ဝင်လာတာ။ ဘယ်ကနေ စစ်ကြောင်းလာတာလဲဆိုတော့ ပခုက္ကူကနေ ကမ္မရွာကနေ ကျနော်တို့ရွာဆီကို ဝင်လာတာ။ အခုတော့ ရွာကို မီးရှို့နေတယ်။ ရွာထဲမှာ ဘာတွေ ရှို့နေတယ်လို့တော့ အတိကျ မပြောနိုင်သေးဘူးလေ။ ရွာထဲကနေ အမိုးပေါ်ကို မီးခိုးတွေ ထွက်တာ အဝေးကနေပဲ လှမ်းမြင်နေရတာ။”
စစ်ကြောင်းရန်ကြောင့် မြဇီးတောရွာသားတွေဟာ ဇွန် ၁၆ ရက် ညပိုင်းနဲ့ မနက်ခင်း အစောပိုင်း အချိန်တွေမှာ နေရပ်ကနေ စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့လည်း သိရပါတယ်။
အညာမြေတပ်ပေါင်းစုမှ ကိုဘိုဘိုသန့်ဇင်က “အဲဒီစစ်ကြောင်းမှာ အင်အား ၃၀၀ ပါတယ်လို့ သိထား ရတယ်။ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ အဆိုပါ ပူးပေါင်းစစ်ကြောင်းဟာ ဒေသခံ ပြည်သူ ၃ ဦးထက်မနည်းကို သတ်ဖြတ်ခဲ့ပြီး နေအိမ် ၁၅ လုံးထက်မနည်းကို မီးရှို့တယ်လို့လည်း ကျနော်တို့ သိထားရတယ်။ စစ်ကြောင်းက ဘယ်သွားမယ်လို့ ခန့်မှန်းရလဲဆိုတော့ အခုထိတော့ ခန့်မှန်းရ ခက်တယ်ပေါ့နော်။ မြိုင်စက်မှု ၂ ကိုလည်း လာမယ်လို့ ထင်မြင်ချက်ပေးပြီးတော့ မြိုင်မြို့နယ် ကမ္မနားနဲ့ ပခုက္ကူအစပ်နားက ကျေးရွာတွေကို ပတ်ပြီး စစ်ကြောင်း ထိုးလိမ့်မယ်လို့လည်း ယူဆရ ပါတယ်” လို့ ပြောပါတယ်။
အဆိုပါစစ်ကြောင်းဟာ လက်ရှိအချိန်မှာ ပခုက္ကူမြို့နယ်နဲ့ မြိုင်မြို့နယ် အစပ်က ကျေးရွာတွေမှာ လှည့်လည် စစ်ကြောင်းထိုးနေပြီး စစ်ကြောင်းအန္တရာယ်ကြောင့် ကမ္မမြို့ အပါအဝင် ဒေသခံကျေးရွာ အနည်းဆုံး ၁၀ ရွာထက်မနည်း ဘေးလွတ်ရာ တိမ်းရှောင်နေကြတယ်လို့လည်း မြေပြင်အခြေအနေ သိရှိသူတွေက ပြောပါတယ်။
အခုစစ်ကြောင်းဟာ မေလအတွင်းက မြစ်ခြေမြို့အပါအဝင် ကျေးရွာ ၁၁ ရွာထက်မနည်းက လူနေအိမ် ၁,၀၀၀ ကျော် မီးရှို့ပြီး ပြည်သူ ၄၀ ကျော်ကို သတ်ဖြတ်ခဲ့တယ်လို့လည်း သိရပါတယ်။










