
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဖမ်းဆီးသိမ်းယူထားတဲ့ လိုင်စင်မဲ့ ကားတွေနဲ့ ဆိုင်ကယ်တွေကို ဖြတ်ပိုင်းမပါဘဲ ငွေနဲ့ ပြန်ရွေးခိုင်းနေတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
အောက်တိုဘာလ ၁ ရက်နေ့ကစပြီး ယာဉ်ထိန်းရဲတွေမှာ မိန်းလမ်းမီးပွိုင့်ဆုံတဲ့ နေရာတွေမှာ ဖမ်းဆီးထားတဲ့ ကားနဲ့ ဆိုင်ကယ်တွေကို ငွေနဲ့ ပြန်ရွေးခိုင်းနေတာလို့ ဒေသခံတဦးက ပြောပါတယ်။
“ကားလိုင်စင်၊ ဆိုင်ကယ်လိုင်စင် ရှီ၊ မရှိ အရင်စစ်တယ်။ လိုင်စင်မရှိဘူးဆိုရင် သော့ကို အရင်သိမ်းပြီး ပိုက်ဆံပဲ တောင်းပါတယ်။ လိုင်စင်မဲ့ကားတစ်စီးဆို ၃ သိန်း၊ ဆိုင်ကယ်ဆိုရင် ၁ သိန်းခွဲ တောင်းပါတယ်။ ဘာဖြတ်ပိုင်းမှလည်း မပေးပါဘူး။ ကိုဗစ်ကပ်ဘေးကြောင့် အလုပ်အကိုင် ရှားပါးပြီး ပြည်သူတွေ ဒုက္ခရောက်နေတဲ့အချိန် မညှာမတာ ကိုယ်ကျိုးအတွက် ပိုက်ဆံရှာနေကြတာ၊ သူတို့မို့လို့ လုပ်ရက်တယ်” လို့ ပြောပါတယ်။
မြစ်ကြီးနားမြို့မှာ ယာဉ်မောင်းသူတွေ စည်းကမ်းမလိုက်နာတဲ့အတွက် ယာဉ်တိုက်မှုတွေလည်း မကြာခဏ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။