နိုင်ဂျီးရီးယားနိုင်ငံထဲကို ကိုကင်းတွေ မှောင်ခိုသယ်ဆောင်လာမှုအတွက် အိန္ဒိယသင်္ဘောသား ၁၁ ယောက်နဲ့ သူတို့ရဲ့ ကုန်တင်သင်္ဘောကိုပါ တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့ပြီး စုစုပေါင်း ဒေါ်လာ ၆ သန်း ဒဏ်ရိုက်ခဲ့တယ်လို့ အမျိုးသား မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအေဂျင်စီ (NDLEA) က ဇွန် ၁၂ ရက်မှာပြောပါတယ်။
ဒီနှစ်ဆန်းပိုင်းက အာပါပါ ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ "MV အာရူနာ ဟူလ်ယာ" အမည်ရ ကုန်တင်သင်္ဘောပေါ်ကနေ လျှို့ဝှက်သယ်ဆောင်လာတဲ့ ကိုကင်း ၃၁ ဒသမ ၅ ကီလိုဂရမ်ကို အာဏာပိုင်တွေက ရှာဖွေတွေ့ရှိခဲ့ပြီးနောက် လာဂို့စ်မြို့၊ ဖက်ဒရယ်အထက်တရားရုံးက အဲဒီသင်္ဘောသားတွေကို အပြစ်ရှိကြောင်း စီရင်ချက်ချခဲ့တာပါ။
အခုအမှုဟာ လာဂို့စ်မြို့လို အဓိက စီးပွားရေးဝင်ပေါက်တွေကတဆင့် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုတွေကို နိုင်ဂျီးရီးယားအာဏာပိုင်တွေက အကြီးအကျယ် နှိမ်နင်းနေတဲ့ လုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းတခုလည်း ဖြစ်ပါတယ်။
နိုင်ဂျီးရီးယားနိုင်ငံဟာ ဥရောပနဲ့ တခြားစျေးကွက်တွေကိုသွားမဲ့ တရားမဝင် မူးယစ်ဆေးဝါးတွေအတွက် ဖြတ်သန်းရာလမ်းတခုအဖြစ် မကြာခဏ အသုံးချခံရလေ့ရှိတာကြောင့် မူးယစ်မှောင်ခိုကွန်ရက်တွေကို ပိုမိုပြတ်ပြတ်သားသား နှိမ်နင်းနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေတာပါ။
ဇန်နဝါရီ ၂ ရက်ကလည်း NDLEA အဖွဲ့ဝင်တွေဟာ သင်္ဘောရဲ့ ပစ္စည်းသိုလှောင်ခန်းတခုထဲမှာ ဝှက်ထားတဲ့ မူးယစ်ဆေးဝါးတွေကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် သင်္ဘောကပ္ပတိန် ရှာမာ ရှာရှီ ဘူရှန် အပါအဝင် အိန္ဒိယနိုင်ငံသား ၁၁ ယောက်ကို ဖမ်းဆီးခဲ့ကြောင်း အေဂျင်စီက ထုတ်ပြန်ထားပါတယ်။
Source: Reuters










