Home Lead Story ဖားကန့်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံ
ဖားကန့်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံ
Photo: ဒေသခံ
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇွန် ၁၀ ရက်နေ့ ဝန်းကျင်ကတည်းက မိုးသည်းထန်စွာ ရွာသွန်းနေပြီး အချို့နေရာတွေမှာ ရေကြီး ရေလျှံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖားကန့်မြို့ပေါ်မှာ ဒီကနေ့လည်း မိုးသည်းထန်စွာ ရွာသွန်းနေပြီး မွန်းတည့် ၁၂ နာရီဝန်းကျင်က စတင်ကာ အနိမ့်ပိုင်း ရပ်ကွက်တချို့မှာ ရေလျှံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖားကန့်မြို့ခံတယောက်က “မနက် ၁၁ နာရီ ၄၅ လောက်ကတည်းက လျှံတာပေါ့။ ချောင်းရေလျှံတာတော့ မဟုတ်ဘူး။ မိုးများလို့ လျှံတာ၊ ရေစီးရေလာ မကောင်းလို့လေ။ ချောင်းရေကတော့ သိပ်မတက်သေးဘူး" လို့ DVB ကို ပြောပါတယ်။ အခုလို မိုးသည်းထန်စွာ ရက်ဆက်ရွာသွန်းပါက ဥရုချောင်းရေတက်လာပြီး ရေကြီးရေလျှံမှုတွေ ဆိုးရွားလာမှာကို ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။ ဒီနေ့ မိုးသည်းထန်မှုကြောင့် ဖားကန့်မြို့ ကျောက်ဝိုင်းအနီးတဝိုက်အပြင်၊ ငှက်ပျောတောရပ်ကွက်အပြင် လုံးခင်း၊ နမ့်မော် စတဲ့ ကျေးရွာတွေဘက်မှာလည်း ရေကြီးရေလျှံခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ လုံးခင်းဈေးတန်းရပ်ကွက်မှာ ရေဝင်ခဲ့တဲ့အတွက် ဈေးသည်တွေ ဈေးရောင်းချဖို့ အခက်ကြုံခဲ့ရတယ်လို့လည်း ဒေသခံတယောက်က DVB ကို ပြောပါတယ်။ “မိုးရွာတဲ့အခါကျတော့ အစ်မတို့ ရွာထဲမှာ ရှိတဲ့ မြောင်းထဲကနေ တက်တာပေါ့နော်။ အရင် ၆ ရက်လောက်တည်းက ရွာနေတာ၊ အခုညနေပိုင်းတော့ တိတ်သွားပြီ။ အစ်မတို့ လုံးခင်းဘက်က အဲဒီလိုပဲ၊ မိုးရွာတော့ ရေတွေက ထွက်မယ့်နေရာမရှိတော့လေ ရွာထဲမှာတင် အရမ်းများလာတာ။ တဖြည်းဖြည်းတော့ ပြန်ကျသွားတာပေါ့။” အလားတူ နမ့်မှော်ကျေးရွာဘက်မှာလည်း ရွာထဲကို ရေလျှံတက်လာလို့ သွားရေးလာရေး အခက်အခဲရှိတယ်လို့ ဆိုပါတယ်။ ပြင်ပမိုးလေဝသ ပညာရှင် ဒေါက်တာစိုးခွန်အာကာက ၄၈ နာရီအတွင်း ဖားကန့်မြို့နယ်မှာ မိုးပိုများနိုင်တယ်လို့ ဇွန် ၁၃ ရက်က သတိပေးထားပါတယ်။ ဒါ့အပြင် လုံးခင်း၊ ဆိပ်မူ၊ တာမခန်၊ လုံးတုံ၊ မမုန်ကိုင်၊ မိုင်းနောင်၊ လယ်ပုံလေး၊ ရွှေလက်ပန်၊ နမ့်မွန်း၊ ဟဲပန်၊ နန့်ပတဲ၊ လုံးကောက်၊ လွဲမွန်၊ ညောင်ပင်၊ အင်းတော်ကြီး၊ ပင်းဘော၊ ရွာသစ်၊ ပင်းဟဲ၊ ဟဲလုံ၊ မော်ဟန်၊ နန့်စီးအောင်၊ ဗန်းမောက်၊ အင်းတော်၊ ကသာ၊ ပင်လည်ဘူး၊ ဝန်သို၊ ကောလင်း၊ ဟိုပင်၊ နန်းမား၊ မိုးညှင်း၊ မော်ဟန်၊ မော်လူး၊ သဖန်းဆိပ်ဆည်၊ ကျွန်းလှ၊ ကန့်ဘလူ၊ ထီးချိုင့် ဒေသတွေမှာလည်း မိုးသည်းထန်နိုင်တယ်လို့ ဆိုထားပါတယ်။