
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရွှေကူတဲစုကျေးရွာမှာ အောက်တိုဘာ ၃ ရက် ညပိုင်းက ရွာသား ၄ ဦးကို ကင်းပုန်းဝပ်နေတဲ့ စစ်တပ်က မူးဘောင်ပေါ်မှာ ဝမ်းလျားမှောက်ခိုင်းပြီး ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတစ်ဦးက “ပျဉ်ထောင်ရွာ ဒလန်အသတ်ခံရတာနဲ့ ပတ်သက်ပြီး စစ်တပ်က မနက်ကတည်းက ပျဉ်ထောင်ရွာကို တပ်စွဲထားလို့ ရွှေကူတဲစုရွာအပါအဝင် ပျဉ်ထောင်ရွာရဲ့ အနီးအနားက ရွာတွေ တိမ်းကြရ ရှောင်ကြရတာပေါ့။။ ညနေပိုင်းမှာ စစ်တပ်ပြန်သွားတာပဲ သိကြပြီး၊ တချို့တဝက် ကင်းပုန်းချခဲ့တာ မသိကြတော့ တိမ်းရှောင်နေသူတွေက ညပိုင်း ကိုယ့်ရွာကိုပြန်လာကြတာပေါ့။ အဲဒီမှာ ဖမ်းဆီးပြီး ပစ်သတ်ခံရတာပဲ” လို့ ပြောပါတယ်။
စစ်တပ်က ပစ်ခတ်လို့ သေဆုံးသူတွေဟာ ရွှေကူတဲစုကျေးရွာသား ဦးစိန်ပို (အသက် ၅၀ )၊ ဦးအောင်ဖြိုး (အသက် ၃၇ နှစ်)၊ ဦးအောင်မြင့်စိုး(ခ)ဘာဂျာ (အသက် ၄၀ ) နဲ့ ခင်ဦးမြို့က လာရောက်တိမ်းရှောင်သူတစ်ဦးတို့ ဖြစ်ပါတယ်။
အောက်တိုဘာ ၃ ရက်နေ့ နေ့ခင်းပိုင်း ရွာကို စစ်တပ်ဝင်ရောက်လာလို့ မူးရိုးဘောင်ပေါ်မှာ ရှောင်နေရကြပြီး ညပိုင်း ရွာကိုပြန်အလာ ပစ်သတ်ခံခဲ့ရတာပါ။
ခင်ဦးမြို့နယ်မှာ အောက်တိုဘာ ၁ ရက်နေ့မနက်ပိုင်းက ပျဉ်ထောင်ရွာကို စစ်တပ်က စီးနင်းပစ်ခတ်ခဲ့လို့ ၅ နှစ်အရွယ် မိန်းကလေးတစ်ဦးအပါအဝင် အမျိုးသမီး ၂ ဦး၊ အမျိုးသား ၃ ဦး သေဆုံးခဲ့ပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရွာအတွင်းက ဒလန်လို့ ယူဆရသူ ၃ ဦးကို King Cobra က ရှင်းလင်းသုတ်သင်လိုက်ပြီးနောက် စစ်တပ်က ထပ်မံဝင်ရောက်လာကာ ရွှေကူတဲစုရွာသား ၄ ဦးကို ပစ်သတ်ခဲ့တာလည်း ဖြစ်ပါတယ်။