DVB Logo
Home
မြန်မာသတင်း
ကေအန်ယူနယ်မြေ၌ စစ်တပ်က ရွာသားများကို အဓမ္မခိုင်းစေနှိပ်စက် လူ့အခွင့်အရေးချိုးဖောက်နေ
DVB
·
October 4, 2021
ကေအန်ယူနယ်မြေ၌ စစ်တပ်က ရွာသားများကို အဓမ္မခိုင်းစေနှိပ်စက် လူ့အခွင့်အရေးချိုးဖောက်နေ
Donate to DVB

အာဏာသိမ်းစစ်ကောင်စီနဲ့ သူ့လက်အောက်ခံတပ်တွေဟာ ကေအန်ယူနယ်မြေအတွင်းက ကျေးရွာတွေမှာ ရွာသားတွေကို အဓမ္မအလုပ်ခိုင်းစေတာ၊ ဖမ်းဆီးရိုက်နှက်တာ စတဲ့လူ့အခွင့်အရေး ဆက်တိုက်ချိုးဖောက်မှုတွေပြုလုပ်နေတယ်လို့   အောက်တိုဘာ ၃ ရက်နေ့ ကေအန်ယူ သတင်းနဲ့ ပြန်ကြားရေးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလအတွင်း ကေအန်ယူ သထုံခရိုင်မှာ စစ်ကောင်စီတပ်က ရွာသားတွေကို အဓမ္မစေခိုင်းတာ၊ ပေါ်တာဆွဲတာတွေ၊ ဖမ်းဆီးရိုက်နှက်တာနဲ့ လက်နက်ကြီးကျည်နဲ့ ရမ်းသန်း ပစ်ခတ်မှုတွေကြောင့် ရွာသားတွေရဲ့ နေအိမ် အဆောက်အအုံတွေအပြင် ထိခိုက်မှုတွေ ရှိနေကြောင်းလည်း သတင်းထုတ်ပြန်ချက်က ဖော်ပြပါတယ်။

စက်တင်ဘာ ၂၀ ရက်မနက်က စစ်ကောင်စီတပ်လက်အောက်ခံ BGF-၁၀၁၃ တပ်စုမှူး ဗိုလ်ကတုံးက ဘီးလင်းမြို့နယ်၊ ပျဉ်းမပင်ဆိပ်ကျေးရွာကနေ  ကြသောင်းဆိပ် (BGF) စခန်းသို့ တပ်ပြောင်းရာမှာ ဒေသခံ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးသူငယ်ပေါင်း ၃၀၀ ဦးကို သူတို့စခန်းအတွက် ရိက္ခာသယ်ယူဖို့ အဓမ္မခေါ်ဆောင်ကာ ပေါ်တာဆွဲ ခိုင်းစေကြောင်း ဖော်ပြပါတယ်။

အလားတူ စက်တင်ဘာ ၁၈ ရက်နေ့ မနက် ၉ နာရီ ၂၀ မိနစ်ကလည်း  ဗိုလ်ကတုံးဟာ အင်အား ၃၅ ဦးနဲ့ ကေအန်ယူ-သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ကြိုးဝိုင်းကျေးနယ်အုပ်စု၊ ကြိုးဝိုင်းကျေးရွာမှ ကြသောင်းဆိပ်ကျေးနယ်အုပ်စု၊ ကြသောင်းဆိပ်ကျေးရွာ (BGF) စခန်းသို့ တပ်ပြောင်းရာမှာ ကြိုးဝိုင်းကျေးရွာနဲ့  ကြိုးဝိုင်းကမ်းနားကျေးရွာသာား  ၁၀၇ ယောက်ကို ရိက္ခာသယ်ယူဖို့ ပေါ်တာဆွဲ အဓမ္မ စေခိုင်းခဲ့ကြောင်း ဆိုပါတယ်။

စက်တင်ဘာ ၇ ရက်တုန်းကလည်း စကခ (၈) လက်အောက်ခံ ခမရ(၄၀၆) စစ်ကြောင်း၂ ဗိုလ်မှူးကျော်ထွန်းငြိမ်းနဲ့ BGF-၁၀၁၃ တပ်စုမှူး ဗိုလ်ကတုံးတို့ ပူးပေါင်းစခန်း(လေးကေ)မှ စခန်း ပြုပြင်ဖို့ ဘီးလင်းမြို့နယ်၊ မြစ်ကျိုးကျေးနယ်အုပ်စု၊ လေးကေကျေးရွာသားတွေကို  တအိမ်ကို ဝါး ၁၀ ချောင်းနဲ့ သစ် ၂ ချောင်း ခုတ်ပြီး စခန်းသို့ လာရောက်ပို့ပေးဖို့ အဓမ္မ စေခိုင်းခဲ့ကြောင်းလည်း ဖော်ပြပါတယ်။

စက်တင်ဘာ ၂၃ ရက်နေ့မှာတော့ ခမရ (၄၀၆)မှ  ဦးရွှေတွင်း ဆီဆိုင်ကို   ဖျက်ဆီးခဲ့ပြီး သထုံမြို့နယ်၊ ဝီယော်ကျေးနယ်အုပ်စု၊ ထုံးဘိုကြီးကျေးရွာမှ ရွာသား ၂ ယောက်ကို  သေနတ်ဒင်နဲ့ ရိုက်နှက်ခဲ့ပါတယ်။

စက်တင်ဘာ ၂၉ ရက်မှာတော့ ဝမ်းဘဲအင်းကျေးရွာ အနီးတပ်စွဲထားတဲ့ အာဏာသိမ်းစစ်ကောင်စီ စကခ (၈) လက်အောက်ခံ ခမရ(၄၀၆)က လယ်ကနေ ပြန်လာတဲ့ လူငယ်နှစ်ယောက်ကို ဖမ်းဆီးနှိပ်စက်ခဲ့ပြီး  ညနေ ၆ နာရီကျော်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကေအန်ယူ သထုံခရိုင်အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးတွေနဲ့ ရမ်းသန်း ပစ်ခတ်မှုကြောင့် နေအိမ်၊ ဘုန်းကြီးကျောင်းတချို့ ပျက်စီးသွားခဲ့ရသလို ဒေသခံတွေ ထိပ်လန့်နေကြရကြောင်း ကေအန်ယူထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

ကေအန်ယူတပ်မဟာ (၅) နယ်မြေ မူတြော်ခရိုင်မှာ  ကေအန်အယ်လ်အေ(KNLA)နဲ့ စစ်ကောင်စီတပ်တွေ  စက်တင်ဘာ ၃၀ ရက်က တရက်တည်း ရင်ဆိုင်တိုက်ပွဲ ၆ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်က  ၂၄ ယောက်  သေဆုံးကာ အယောက် ၃၀ လောက်  ဒဏ်ရာရသွားတယ်လို့သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013