DVB Logo
Home
မြန်မာသတင်း
နွေဦးတော်လှန်ရေး ရန်ပုံငွေ ဆောင်းဦးလှိုင် တကိုယ်တော်ဖျော်ဖြေပွဲ ကန်ဒေါ်လာ ၃၄၀,၀၀၀ ကျော် ရရှိထား
DVB
·
October 3, 2021
နွေဦးတော်လှန်ရေး ရန်ပုံငွေ ဆောင်းဦးလှိုင် တကိုယ်တော်ဖျော်ဖြေပွဲ ကန်ဒေါ်လာ ၃၄၀,၀၀၀ ကျော် ရရှိထား
Donate to DVB

မြန်မာ့နွေဦးတော်လှန်ရေး ရန်ပုံငွေအတွက် အဆိုတော် ဆောင်းဦးလှိုင်ရဲ့ တကိုယ်တော် ဂီတဖျော်ဖြေပွဲကို အမေရိကန်နိုင်ငံမြို့ကြီး ၇ မြို့မှာ ကျင်းပခဲ့အပြီးမှာ ရန်ပုံငွေအမေရိကန် ဒေါ်လာ ၃၄၀,၀၀၀ ရရှိထားပြီဖြစ်တယ်လို့ သိရပါတယ်။

အဆိုတော်ဆောင်းဦးလှိုင်ရဲ့ “နွေဦးတော်လှန်ရေး ရန်ပုံငွေရှာဖွေခရီးစဉ်”လို့ အမည်ပေးထားတဲ့ တကိုယ်တော်နယ်လှည့်ဖျော်ဖြေပွဲကိုတော့ ပြီးခဲ့တဲ့ သြဂုတ် ၂၈ ရက်နေ့ကစတင်ခဲ့တာဖြစ်ပြီး မြို့ကြီး ၁၀ မြို့မှာ ကျင်းပသွားဖို့ ကြေညာထားခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ပြီးခဲ့တဲ့ ဖျော်ဖြေပွဲကာလအတွင်း ဆောင်းဦးလှိုင်ရဲ့ ဂစ်တာ၊ ဂျင်း ဝေ့စ်ကုတ် စတဲ့ အသုံးအဆောင်တွေကိုပါ လေလံပေး ဝယ်ယူ လှူဒါန်းတာတွေလည်းရှိတယ်လို့ ဆောင်းဦးလှိုင်က ပြောပါတယ်။

“စေတနာကောင်းလွန်းတဲ့မြို့လေးမှာ  လက်မှတ်စောင်ရေ ၃၀၀ကျော်ရောင်းခဲ့ရတယ်။ ကျနော့်ဂစ်တာတစ်လုံး ၉၅၀၀$ နဲ့လေလံအောင် လှူဒါန်းအပြီး လေလံမအောင်လိုက်တဲ့ နောင်တော်က  $ ၁၀၀၀၀ လှူမယ်ဆိုတော့ လေးစားလွန်းလို့ တီးနေတဲ့( ဆက်လက် အသုံးပြုရမယ့် ) ဂစ်တာ ပေးပစ်ခဲ့တယ်။  ကျနော့်Jean waist coat ကိုလည်းစေတနာရှင် ညီမတစ်ယောက်က $၉၀၀၀ လောက်နဲ့ လေလံဆွဲတယ်။ ကျနော့်လက်ထဲလာထည့်တဲ့ Tips & donations   $ ၁၁၆၀၀ အားလုံးပြန်လှူတယ်။  အခြားအခြားသော ပရိသတ်များရဲ့ ဝိုင်းဝန်းမှုနဲ့ စုစုပေါင်း $၆၀၀၀၀ တိတိရအောင် ရန်ပုံငွေရှာနိုင်ခဲ့ပါတယ်။ Utica မြို့လေးရဲ့ စည်းလုံးမှုနဲ့စေတနာက အံ့မခန်းပါဘဲ။ ဦးဆောင်ကြသူတွေက အသေချာကို စီစဉ်ကြလိမ့်မယ်၊ တော်လှန်ရေးလူငယ်များ လက်ဝယ်အရောက်ပို့ကြဖို့။ မနက်ဖြန် Albany မြို့မှာ ဘောလုံးကစားပါမယ်။ ရောက်လေရာအရပ်မှာ စိတ်ကောင်းစေတနာကောင်း အလေ့ကျင့်ကောင်းတွေထွန်းကားစေဖို့ ရည်ရွယ်ပါတယ်။ Photo quality မကောင်းလှပေမယ့် စက်တွေကြားမှာ ရုန်းကန်နေတဲ့ ကျနော် မြို့(၇) မြို့အပြီး ရန်ပုံငွေ ၃၄၀၀၀၀$ ရှာနိုင်ခဲ့ပါကြောင်း”

အမေရိကန်မြို့ကြီးတွေမှာ ဖျော်ဖြေပွဲတွေအသီးသီးက ရရှိတဲ့ ရန်ပုံငွေတွေကိုတော့ မြန်မာ ပြည်အနယ်နယ်အရပ်ရပ်က လိုအပ်တဲ့ နေရာတွေအသီးသီးကို ပေးပို့လှူဒါန်းသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အသက် ၄၉ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဆောင်းဦးလှိုင်ဟာ လတ်တလောမှာတော့ ပြည်ပမှာ နေထိုင်နေပြီး ကိုယ်ပိုင်သံစဉ်သီချင်းတွေနဲ့အတူ ဂီတလှုပ်ရှားမှုတွေ ဆက်လက်ပြီးတော့ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။  

၁၉၈၉ ခုနှစ်လောက်က စတင်ပြီးတော့ တေးရေးဆရာတဦးအနေနဲ့ မြန်မာ့ဂီတ လောကထဲကို ရောက်ရှိလာခဲ့တဲ့ ဆောင်းဦးလှိုင်ဟာ ၁၉၉၃ ခုနှစ်မှာတော့ ‘မင်းရဲ့ သူရဲကောင်း’ တကိုယ်တော်တေးအယ်လ်ဘမ်နဲ့ အောင်မြင်တဲ့အဆိုတော်တယောက်အဖြစ် ပရိသတ်တွေက လက်ခံအားပေးခဲ့ကြတာ ဖြစ်ပါတယ်။  

သူဟာ ဆေးပညာဘွဲ့ရတဦးလည်းဖြစ်ပြီး နောက်ပိုင်းမှာတော့ ကိုယ်တိုင်ရေးသားပြီး ကိုယ်တိုင်သီဆိုခဲ့တဲ့ တကိုယ်တော်တေးအယ်လ်ဘမ်ပေါင်း ၁၀ ချပ်ထက်မနည်း ထွက်ရှိခဲ့ပြီး ဖြစ်ပါတယ်။  

အဲဒီအချိန်ကာလတွေမှာတော့ တကိုယ်တော်သီဆိုမှုတွေအပြင် ထရေစီနဲ့ တခြား အဆိုတော်တွေပါ ပါဝင်ဖွဲ့စည်းထားတဲ့ ‘ခရီးသွားငါးယောက်’၊ တေးသံရှင် စည်သူလွင်၊ အဲလက်စ်တို့နဲ့ သီဆိုအောင်မြင်ခဲ့တဲ့ ‘19.18’ အယ်လ်ဘမ်တွေမှာပါ ပရိသတ်တွေကြား ဆယ်စုနှစ်နဲ့ချီ နေရာယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးနောက်ပိုင်းမှာတော့ ဆောင်းဦးလှိုင်ဟာ တေးသီချင်းထုတ်လုပ်မှုတွေကို ရပ်နားထားခဲ့ပြီး ဆယ်စုနှစ်အကြာ ၂၀၁၇ မှာတော့ ‘ကမ္ဘာ့စံချိန်’ မီနီအယ်လ်ဘမ်ကို ထွက်ရှိခဲ့တာပါ။

အဲဒီနောက် ကြားကာလ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ NLD အစိုးရကို ထောက်ခံအားပေးတဲ့ တေးသီချင်းတွေကို ရေးသားခဲ့ပြီး ‘မေမေနိုင်မှ ဖြစ်မှာပါ’ ၊ ဒေါ် အောင်ဆန်းစုကြည်ရဲ့ နေအိမ်အကျယ်ချုပ်နဲ့ ဖိနှိပ်ခံကာလတုန်းကအခြေအနေကို ရည်ရွယ်ရေးသားခဲ့ပြီး နီနီခင်ဇော်သီဆိုခဲ့တဲ့ ‘မျှော်လင့်ချက် တစုံတရာ’ သီချင်းတွေဟာလည်း အောင်မြင်ခဲ့တဲ့ တေးသီချင်းတွေ ဖြစ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013