
ပြီးခဲ့တဲ့ အောက်တိုဘာလကုန်အထိ ဖြစ်ပွားခဲ့တဲ့ မြန်မာ့စစ်ရေးအနေအထားကို ပြန်ကြည့်မယ်ဆိုရင် ဒီမိုကရေစီလိုလားတဲ့ တော်လှန်ရေးဘက်တော်သားတွေဟာ နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မန္တလေးမြို့နဲ့ ကီလိုမီတာ အနည်းငယ်အကွာအထိ ထိုးစစ်ဆင်လာနိုင်ခဲ့တာ တွေ့ရပါတယ်။ ဒါဟာ မြန်မာ့ပြည်တွင်းစစ်မှာ အရေးပါတဲ့ စစ်ရေးအလှည့်အပြောင်းတခု ဖြစ်ခဲ့ပါတယ်။ အရင်ကတော့ စစ်ရေးတိုက်ပွဲတွေဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်နီတပ်မတော် (KA) နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့လို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ တည်ရှိရာ တောင်ပေါ်ဒေသတွေက တောတောင်တွေမှာသာ အခြေပြု ဖြစ်ပွားခဲ့ရာကနေ အခုအခါမှာတော့ မြို့ပြတွေနဲ့ မြေပြန့်ဒေသတွေအထိပါ ခြေဆန့်လာခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလကစလို့ စစ်ရေးနယ်ပယ်ဟာ သိသိသာသာ ကျယ်ပြန့်လာခဲ့ပြီး တိုင်းရင်းသား မဟာမိတ်အဖွဲ့တွေဟာ နယ်စပ်ဒေသတလျှောက်မှာရှိတဲ့ နယ်မြေတွေကို အတူတကွ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တဲ့အတွက် စစ်ကောင်စီရဲ့ နယ်မြေထိန်းချုပ်နိုင်မှုဟာ တဖြည်းဖြည်း ကျဉ်းမြောင်းလာခဲ့ပြီး အဓိကမြို့ကြီးတွေမှာသာ ထိန်းချုပ်ထားနိုင်တော့တာ ဖြစ်ပါတယ်။
တော်လှန်ရေးအဖွဲ့တွေ မန္တလေးမြို့ကို ချဉ်းကပ်လာမှုဟာ မြန်မာ့ပြည်တွင်းစစ်မှာ အဆင့်သစ်တခုအထိ ရောက်လာပြီ ဆိုတာကို ညွှန်ပြနေပါတယ်။ ပထမတချက်ကတော့ ဒါဟာ တော်လှန်ရေးအဖွဲ့တွေအနေနဲ့ စည်းလုံးညီညွတ်စွာ ရှိနေတယ်ဆိုတာနဲ့ စီးပွားရေးနဲ့ နိုင်ငံရေးအရ အချက်အချာကျတဲ့ မန္တလေးမြို့ကို တိုက်ခိုက်မှုတွေ လုပ်ဆောင်သွားမယ်ဆိုတဲ့ သတိပေး သတင်းစကားကို စစ်ကောင်စီထံ ပါးလိုက်တာလည်း ဖြစ်ပါတယ်။
ဒုတိယအချက်ကတော့ နယ်စပ်ဒေသတွေကနေ ဆုတ်ခွာလာခဲ့ရတဲ့ စစ်ကောင်စီအနေနဲ့ မြို့ပြဧရိယာတွေမှာ ဘောင်ခတ်ခံထားရသလို ဖြစ်လာပြီဆိုတာနဲ့ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူတွေ၊ အထူးသဖြင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးနိုင်ခြေ မြင့်တက်နိုင်မှု၊ ပြည်သူတွေရဲ့ စားဝတ်နေရေးအပေါ် ထိခိုက်နိုင်မှုစတဲ့ အချက်တွေကို ထည့်တွက်စဉ်းစားရဖို့ ရှိနေပေမဲ့လည်း စစ်ကောင်စီကို တွန်းလှန်နိုင်ဖို့အတွက် မြို့ပြစစ်ဆင်ရေးကို ဖော်ဆောင်သွားမယ်ဆိုတဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ စိတ်ပိုင်းဖြတ်ထားမှုကို သိသာထင်ရှားအောင် ပြသလိုက်တာလည်း ဖြစ်ပါတယ်။
ပွင့်လင်းရာသီမှာ စစ်ရေးအရှိန်မြင့်လာနိုင်
ပြီးခဲ့တဲ့နှစ်က စစ်ရေးအရာမှာ အောင်မြင်မှုတွေ များစွာ ရရှိထားတယ် ဆိုပေမဲ့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဟာ စစ်ကောင်စီရဲ့ လေကြောင်းရန်ကို တန်ပြန်တုံ့ပြန်နိုင်ဖို့ကတော့ ရုန်းကန်နေဆဲ ဖြစ်ပါတယ်။ ရဟတ်ယာဉ်တွေ၊ တိုက်လေယာဉ်တွေနဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ အခုအခါမှာ ထိခိုက်သေကျေ ပျက်စီးမှုတွေ ကြီးမားစွာ ဖြစ်ပေါ်စေပြီး အဲဒီထဲမှာ အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှုနှုန်းက မြင့်တက်လာနေပါတယ်။
နိုဝင်ဘာလကနေစပြီး မိုးရာသီကနေ ဆောင်းရာသီကို ကူးပြောင်းဝင်ရောက်လာမှုနဲ့အတူ ခြောက်သွေ့ရာသီမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တဲ့ အလားအလာ ရှိပါတယ်။ ပွင့်လင်းရာသီမှာ ကောင်းကင်ဟာ ပိုမိုကြည်လင်လာတဲ့အတွက် လေကြောင်းကနေ ဗုံးကြဲချမှုတွေ လုပ်ဆောင်ဖို့ ပိုမို ထင်သာမြင်သာ ရှိလာနိုင်တဲ့အပြင် ရိက္ခာပြန်လည်ဖြည့်တင်းမှုတွေ အတွက်လည်း ထောက်ပို့လမ်းကြောင်းတွေ ပိုမိုလမ်းပွင့်လာနိုင်ပြီးတော့ တိုးတက်လာတဲ့ ရာသီဥတု အနေအထားဟာ စစ်ကောင်စီအတွက် နှာတဖျားသာစေနိုင်တယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်နေတဲ့ Free Burma Rangers အဖွဲ့ တည်ထောင်သူ ဒေးဗစ် ယူဘန့်ခ်က ခန့်မှန်း သုံးသပ်ထားပါတယ်။
အခုလို ပြောင်းလဲလာတဲ့ ရာသီဥတုအခြေအနေကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ မန္တလေးမြို့ကို သိမ်းပိုက်နိုင်ပါ့မလား ဆိုတာနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ မြင့်တက်လာလျက် ရှိပါတယ်။ ရာသီဥတုအပြင် မြေပြင်အခြေအနေ ပြောင်းလဲလာမှုကလည်း တော်လှန်ရေး တပ်ဖွဲ့တွေအတွက် နောက်ထပ် အားနည်းချက်လို့ ဆိုရနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အစောပိုင်းကာလတွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ ဆယ်စုနှစ်ပေါင်းများစွာကြာ သူတို့ ကျင်လည်ကျက်စားခဲ့ရာ ဧရိယာတွေမှာပဲ နယ်မြေကျွမ်းကျင်မှုကို ကောင်းကောင်းအသုံးချပြီး သာလွန်အင်အားရှိတဲ့ ရန်သူကို ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အခုအခါမှာတော့ ကြိုတင်ပြင်ဆင်နိုင်မှုလည်း မရှိသလို နယ်မြေကျွမ်းကျင်မှုလည်း သိပ်မရှိတဲ့ မြို့ပြဒေသ၊ တနည်းအားဖြင့် မြေပြန့်အခင်းအကျင်းမှာ တိုက်ပွဲတွေ ဖော်ဆောင်သွားရမှာကြောင့် ဖြစ်ပါတယ်။
နောက်ပြီး စစ်ကောင်စီလက်အောက်ခံ တပ်တွေဟာ မြေမြှုပ်မိုင်းတွေ၊ ဒရုန်းတွေနဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ လက်လုပ်ဒရုန်းတွေကို ထိန်းချုပ်မှု ဖြတ်တောက်နိုင်တဲ့ Jammer စက်တွေ အထိုင်ချပြီး သူတို့ထိန်းချုပ်ထားရာ အဓိကမြို့ကြီးတွေမှာ အခိုင်အမာ အကာအကွယ်ယူထားမှုတွေ ရှိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ မိတ်ဖက်ဖြစ်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ကိုယ်စားလှယ်တွေက ပြောပါတယ်။
မန္တလေးလို မြို့ကြီးတွေကို ချဉ်းကပ်ရာမှာ နောက်ထပ်အားနည်းချက် ဖြစ်စေနိုင်တဲ့ အချက်က တော်လှန်ရေးတပ်ပေါင်းစုရဲ့ စုဖွဲ့မှုအနေအထား ဖြစ်ပါတယ်။ ပူးတွဲစစ်ဆင်ရေးတွေမှာ စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ PDF တပ်ဖွဲ့ဝင်တွေ ပါဝင်နေပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေဟာ အများအားဖြင့် ပညာတတ် လူငယ်လူရွယ်တွေနဲ့ ဖွဲ့စည်းထားပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ် တိုက်ခိုက်သွားမယ်ဆိုတဲ့ ခိုင်မာတဲ့ ယုံကြည်ချက်တွေ ရှိနေပေမဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နှိုင်းယှဉ်ရင် သူတို့ရဲ့ စစ်ရေးအတွေ့အကြုံဟာ နုနယ်နေသေးတာ ဖြစ်ပါတယ်။
စစ်ကောင်စီဘက်ကတော့ မိုးရာသီကုန်ဆုံးတာနဲ့ တပြိုင်နက် အခုနှစ်မှာ အင်အားအလုံးအရင်းနဲ့ တကျော့ပြန် ထိုးစစ်ဆင်လာနိုင်ခြေ ရှိပါတယ်။ စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီဟာ တပ်ဖွဲ့ဝင် အင်အား ၃၀,၀၀၀ ထက်မနည်း ဖြည့်တင်းထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီဟာ ရုရှားနဲ့ တရုတ်တို့ထံကနေလည်း လေယာဉ်တွေနဲ့ စစ်လက်နက်တွေ ဝယ်ယူရရှိထားပါတယ်။
ရာသီဥတုအခြေအနေနဲ့ စုဖွဲ့မှုအင်အားအရာမှာတော့ စစ်တပ်ဘက်က အသာစီးရနိုင်တဲ့ အကြောင်းတရားတွေ ရှိနေပေမဲ့ ဒီအချက်တွေက တိုက်ပွဲရဲ့ရလဒ်ကို အလုံးစုံ အဆုံးအဖြတ်ပေးနိုင်မှာ မဟုတ်ဘူးလို့ ယူဘန့်ခ်က ပြောပါတယ်။ ခြောက်သွေ့ရာသီမှာ တော်လှန်ရေးအဖွဲ့တွေဘက်မှာလည်း အားသာချက်တွေ ရှိလာနိုင်တယ်လို့ သူက ဆိုပါတယ်။ တော်လှန်ရေးအင်အားစုတွေဟာ နယ်မြေအတော်များများကို သိမ်းပိုက်ရရှိထားတဲ့အတွက် ကိုယ်ပိုင်ရိက္ခာ ပြန်လည်ဖြည့်တင်းမှုတွေ လုပ်ဆောင်ဖို့ လမ်းပန်းဆက်သွယ်ရေးတွေ ပိုမိုကောင်းမွန်လာနိုင်သလို ကိုယ်တိုင်ဖန်တီးထုတ်လုပ်ထားတဲ့ ဒရုန်းတွေကိုလည်း ပိုမိုထိရောက်မှုရှိအောင် အသုံးချလာနိုင်ပါတယ်။ နောက်ပြီး စစ်တပ် စစ်ကြောင်းတွေဟာ မိုင်းဆွဲခံရတာတွေနဲ့ ကြားဖြတ်တိုက်ခိုက်ခံရတာတွေကြောင့် စစ်တပ်အနေနဲ့ လေကြောင်း အကာအကွယ်နဲ့ တပ်ရင်းတရင်းစာ အင်အားမရှိရင် ကုန်းကြောင်းကနေ ရိက္ခာပြည်လည် ဖြည့်တင်းဖို့ဆိုတာ မလွယ်ကူတဲ့ အခြေအနေမှာ ရှိနေတာပါ။ ဒီအချက်တွေကြောင့်ပဲ စစ်တပ်ဟာ လေကြောင်းအထောက်အပံ့ကိုပဲ အဓိက အားပြုနေရတာ ဖြစ်ပါတယ်။
မြန်မာ့ပြည်တွင်းစစ်မှာ ပြောင်းလဲလာသည့် နည်းဗျူဟာ
မသိမမြင်နိုင်တဲ့အရာတွေ အချိန်မရွေး ဖြစ်ပေါ် ပြောင်းလဲလာနိုင်တဲ့အတွက် မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ဟာ နောက် ဘာဆက်ဖြစ်မလဲဆိုတာနဲ့ ဘယ်ဘက်က ပြိုလဲကျသွားနိုင်မလဲဆိုတာ အင်မတန်မှ ခန့်မှန်းရခက်ပါတယ်။ ဒရုန်းစစ်ဆင်ရေးတွေရဲ့ တိုးတက် ပြောင်းလဲလာမှုကတော့ စစ်ရေးလှုပ်ရှားမှုမှာ လျှပ်တပြက်အတွင်း အပြောင်းအလဲတွေ ဖော်ဆောင်ပေးနိုင်တယ်ဆိုတာ အရင်က တိုက်ပွဲတွေမှာ မြင်တွေ့ခဲ့ရပြီး ဖြစ်ပါတယ်။ စစ်တပ်ရဲ့ မတရား အာဏာသိမ်းမှုကြောင့် တက္ကသိုလ်နဲ့ ကောလိပ်ကျောင်းသားကျောင်းသူတွေ၊ အင်ဂျင်နီယာ ကျောင်းသားကျောင်းသူတွေနဲ့ IT နည်းပညာရှင်တွေဟာ မြို့ပြတွေကို စွန့်ခွာပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေမှာ ပူးပေါင်းပါဝင်ခဲ့ကာ ဒရုန်းတီထွင်ထုတ်လုပ်သူတွေ ဖြစ်လာခဲ့တာကြောင့် ဒရုန်းတွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အားသာချက်တခုလို ဖြစ်လာခဲ့တာပါ။
ဒါပေမဲ့လည်း အခုအခါမှာတော့ စစ်တပ်ဟာ ယူကရိန်းစစ်ပွဲမှာ ရရှိခဲ့တဲ့ အတွေ့အကြုံတွေအပေါ် အခြေခံထားတဲ့ ဒရုန်းစစ်ဆင်ရေးနဲ့ပတ်သက်တဲ့ လမ်းညွှန်ချက်တွေကို ရုရှားဆီကနေ လက်ခံရရှိထားတယ်လို့ ခန့်မှန်းရပါတယ်။ စစ်တပ်ဟာ ရုရှားနဲ့ တရုတ်တို့က ထောက်ပံ့ပေးထားတဲ့ ဒရုန်းတွေအပြင် အီရန်နဲ့ မြောက်ကိုရီးယားကလို့ ယုံကြည်ရတဲ့ နည်းပညာမြင့် ဒရုန်းအရေအတွက် အမြောက်အမြား ပါဝင်တဲ့ မောင်းသူမဲ့ လေကြောင်းစစ်ဆင်ရေး ညွှန်ကြားမှုဦးစီးဌာနကို အခုနှစ်အစောပိုင်းမှာပဲ ဖွဲ့စည်းခဲ့ပါတယ်။ ဒါဟာ စစ်တပ်အနေနဲ့ ဝေဟင်စစ်ဆင်ရေးမှာလည်း အသာစီးရယူနိုင်အောင် လုပ်ဆောင်ထားတဲ့ သဘော ဖြစ်ပါတယ်။
တော်လှန်ရေးအဖွဲ့တွေအတွက်တော့ စည်းလုံးညီညွတ်မှုဟာ သူတို့ရဲ့ အင်အားအကြီးဆုံးနဲ့ အစွမ်းထက်ဆုံးလက်နက် ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး ဆိုတဲ့ တခုတည်းသော ဘုံရည်မှန်းချက်အောက်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ပေါင်းစုံနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေအကြား ပူးပေါင်းဆောင်ရွက်မှုနဲ့ အပြန်အလှန် ထောက်ပံ့ကူညီမှုတွေနဲ့အတူ အားလုံးညီညွတ်စွာနဲ့ တစုတစည်းတည်း ရပ်တည်ခဲ့ကြတဲ့ တပ်ပေါင်းစု ကွန်ရက်ကြီးတခု ပေါ်ထွက်လာခဲ့တာကို မျက်ဝါးထင်ထင် မြင်တွေ့နိုင်ပါတယ်။
Free Burma Rangers အဖွဲ့ တည်ထောင်သူ ဒေးဗစ် ယူဘန့်ခ်ကတော့ “စစ်တပ်ကို ဖြိုဖျက်ရာမှာ တော်လှန်ရေးအဖွဲ့တွေအတွက် အရေးကြီးဆုံး အရာကတော့ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ညှိနှိုင်းဆောင်ရွက်ပြီး မလျှော့တမ်းစိတ်ဓာတ်နဲ့ ဆက်လက် တိုက်ပွဲဝင်နိုင်ကြဖို့ လိုပါတယ်။ တချို့က စစ်အာဏာရှင်ကို မကြိုက်ကြပေမဲ့ တော်လှန်ရေးအဖွဲ့တွေကို အားတက်သရော ကူညီထောက်ပံ့တာတွေ မရှိကြပါဘူး။ နောက်ကွယ်ကနေ ပံ့ပိုးကူညီမှုတွေ ရရှိမှသာ တော်လှန်ရေးကလည်း မြန်မြန်ခရီးရောက်နိုင်မှာ ဖြစ်တယ်” လို့ ထောက်ပြထားပါတယ်။
လက်ရှိမှာ ရှမ်းပြည်တပ်မတော် (SSA) နဲ့ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တို့လို အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့ဟာ စစ်ကောင်စီနဲ့ အပစ်အခတ် ရပ်စဲထားကြပါတယ်။ တကယ်လို့ သူတို့တွေသာ တော်လှန်ရေးအင်အားစုတွေဘက်မှာ ပူးပေါင်း ပါဝင်လာခဲ့မယ်ဆိုရင် တော်လှန်ရေးအတွက် ကြီးမားတဲ့ အထောက်အပံ့တွေ ဖြစ်လာနိုင်ပြီး တကယ့်ကို အားကိုးအားထားပြုလောက်တဲ့ အဖွဲ့အစည်းတွေ ဖြစ်လာနိုင်ပေမဲ့ နိုင်ငံရေး ရည်မှန်းချက်တွေနဲ့ ဦးတည်ချက်တွေ မတူကွဲလွဲနေတာနဲ့ပဲ ပြည်တွင်းစစ်ဟာ သူတို့နဲ့ မဆိုင်သလို ဘေးထွက်ထိုင်နေကြလျက် ရှိပါတယ်။
နောက်ဆုံးအနေနဲ့ဆိုရရင် တော်လှန်ရေးအင်အားစုတွေအတွက် နောက်ထပ် အရေးပါတဲ့ အားသာချက်ကတော့ စိတ်အားတက်ကြွမှု ဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့ အခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ စစ်မှုထမ်းဥပဒေကို ထုတ်ပြန်ခဲ့ပြီးတဲ့နောက် လူငယ်အမျိုးသားနဲ့ အမျိုးသမီး ထောင်ပေါင်းများစွာကို စစ်သားနဲ့ စစ်သမီးအဖြစ် အတင်းအဓမ္မ စုဆောင်းရရှိခဲ့ပေမဲ့ အဲဒီ စုဆောင်းခံရသူတွေထဲက အများစုဟာ စစ်တပ်နဲ့ စစ်ကောင်စီကို စက်ဆုပ်ရွံရှာ မုန်းတီးနေကြသူတွေ ဖြစ်ပါတယ်။
တခြားတဖက်မှာတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေဟာ သူတို့ရဲ့ မိသားစုတွေနဲ့ ဘိုးဘွားပိုင်နယ်မြေတွေ စစ်ဖိနပ်အောက်ကနေ လွတ်မြောက်နိုင်ဖို့အတွက် တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။ သူတို့တွေဟာ ဘာအတွက် သူတို့ တိုက်ပွဲဝင်နေကြသလဲ ဆိုတာနဲ့ သူတို့ ဘာတွေ ဆုံးရှုံးခဲ့ရပြီးပြီလဲ ဆိုတာကို ကောင်းကောင်း နားလည် သဘောပေါက်ထားကြသူတွေ ဖြစ်ပါတယ်။ တော်လှန်ရေးခရီးကြမ်းမှာ ဘယ်လို အခက်အခဲတွေနဲ့ အန္တရာယ်တွေပဲရှိရှိ ဆက်လက်တိုက်ပွဲဝင်သွားနိုင်ဖို့ သူတို့ရဲ့ အန္တိမပန်းတိုင်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး ထူထောင်နိုင်ရေး အိပ်မက်က သူတို့ကို စိတ်ဓာတ်ခွန်အားတွေ ပေးနေမှာ ဖြစ်ပါတယ်။
လက်ရှိအခြေအနေမှာတော့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ဟာ ထိခိုက်သေဆုံး ပျက်စီးမှု အန္တရာယ်တွေ ပိုများလာနိုင်တဲ့ အကြီးစားအဆင့်ကို ကျရောက်လာခဲ့ပြီး နှစ်ဖက်စလုံးကလည်း နောက်ကြောင်းပြန်လှည့်လို့မရတဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒီတော့ တဖက်နဲ့တဖက် ခြေကုန်လက်ပန်းကျပြီး အညံ့ခံသွားမယ့်အချိန် ဒါမှမဟုတ် အတွင်းအက်ကွဲကြောင်းတွေကြောင့် ပြိုလဲမယ့် အချိန်အခါကို မျှော်လင့်ရင်း အဆုံးသတ်တိုက်ပွဲကို ဆင်နွှဲကြရာမှာ ဘယ်ဘက်က ဘယ်အချိန်ထိ တောင့်ခံသွားနိုင်မလဲ ဆိုတာကိုပဲ စောင့်ကြည့်သွားရတော့မှာ ဖြစ်ပါတယ်။
အန်တိုနီယို ဂရေစီဖို
ဘာသာပြန်-ရာစုသစ်











