DVB Logo
Home
မြန်မာသတင်း
အင်းစိန်ထောင်မှ အကျဉ်းသား ၂၀၀ ခန့် ပြန်လွတ်
DVB
·
October 2, 2021
အင်းစိန်ထောင်မှ အကျဉ်းသား ၂၀၀ ခန့် ပြန်လွတ်
1 / 2
Donate to DVB

စစ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မတိုင်ခင် ဖမ်းဆီးတရားစွဲခံထားရသူတွေထဲက အကျဉ်းသား ၂၀၀ နီးပါးကို အောက်တိုဘာ ၁ ရက် ညနေပိုင်းမှာ စစ်ကောင်စီက အင်းစိန်ထောင်ကနေ ပြန်လွှတ်ပေးခဲ့ပါတယ်။

အောက်တိုဘာ ၂ ရက် ဒီနေ့ မနက်ပိုင်းမှာလည်း ထပ်လွှတ်ပေးဖို့ရှိတယ်ဆိုတဲ့ သတင်းတွေကြောင့် မိသားစုဝင်တွေဟာ အင်းစိန်ထောင်ရှေ့မှာ သွားရောက်စောင့်ဆိုင်းနေကြပါတယ်။

အင်းစိန်ထောင်မှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေရဲ့ ဥပဒေအကြံပေး အကျိုးဆောင်ရှေ့နေ ဦးခင်မောင်မြင့်က “မနေ့က အင်းစိန်မှာ ၂၀၀ နီးပါးလောက်ရှိမယ် ထင်တယ်။ ဒီနေ့မနက်လည်း စိစစ်ပြီး ထပ်လွှတ်ဖို့ရှိပုံရတယ်။ အပြင်မှာတော့ မိသားစုတွေလာပြီး စောင့်ဆိုင်းနေတာတော့ တွေ့ပါတယ်” လို့ ပြောပါတယ်။

ဇူလိုင် ၂၂ရက်နေ့နဲ့ အောက်တိုဘာ ၁ ရက်နေ့တွေမှာ ပြန်လွှတ်ပေးသူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆောင်ရွက်လို့ အဖမ်းခံရသူတွေမဟုတ်ဘဲ သီးခြားပြစ်မှုတွေနဲ့ အကျဉ်းထောင်ထဲ ရောက်ရှိနေသူတွေ ဖြစ်ပါတယ်။

ဩဂုတ်လထဲမှာ စစ်ကောင်စီထုတ်ပြန်ခဲ့တဲ့ ကြေညာချက် အမှတ် ၁၇၂ အရ အကျဉ်းသားတွေကို ပြန်လွှတ်ပေးနေတာလို့ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောပါတယ်။ 

“ဩဂုတ်လထဲမှာ နစက က ကြေညာချက်တစ်ခု ထုတ်ထားတာရှိတယ်။ ကြေညာချက်အမှတ် ၁၇၂ ပေါ့။ ဖေဖော်ဝါရီ ၁ ရက် နစက အာဏာမသိမ်းခင်အရင်တုန်းက ထောင်ထဲမှာရှိနေတဲ့ အချုပ်တရားခံတွေ၊ တရားစွဲတင်ပို့ခံ၊ တရားစွဲခံထားရသူတွေ။ သူတို့က ၂ နှစ်နီးပါး ကိုဗစ်ကြောင့် မစစ်ဆေးနိုင် ရုံးလည်းမထုတ်နိုင်ဘဲ နေနေရသူတွေကို ဥပဒေအရ ကုစားမှုပေးတဲ့အနေနဲ့ အမှုတွေကို ပြန်ပြီးရုပ်သိမ်းပေးတယ်။ နစ်နာတဲ့သူတွေက ကန့်ကွက်တဲ့အမှုတွေကိုတော့ ဆက်စစ်မယ်။ ကန့်ကွက်သူမရှိရင်တော့ အမှုတွေကို ရုပ်သိမ်းပေးတာပါ။ ကန့်ကွက်ချင်သူတွေကို စက်တင်ဘာ ၃၀ ရက်နေ့အထိ ကန့်ကွက်ချင် ကန့်ကွက်ဖို့ အချိန်ပေးခဲ့တယ်။ ၃၀ ရက်နေ့ ရုံးပိတ်ချိန်မှာ ကန့်ကွက်မယ့်သူ မရှိတဲ့သူတွေကို အောက်တိုဘာ ၁ ရက်နေ့ကစပြီး အမှုကနေ ရုပ်သိမ်းပြီး သက်ဆိုင်ရာတရားရုံး အသီးသီးက အပြီးအပြတ်လွှတ်မယ့် ထောင်ကို ပို့ပေးတာပေါ့။ အဲ့ဒီသူတွေကို ထောင်ကနေ စိစစ်ပြီးပြန်လွှတ်ပေးတာပါ။ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ဖမ်းဆီးတဲ့ အမှုတွေနဲ့ မပတ်သက်ပါဘူး။”

အာဏာသိမ်းပြီးနောက်မှာ စစ်ကောင်စီက အင်းစိန်ထောင်တွင်းမှာ အထူးတရားရုံး ၃၈ ရုံး၊ စစ်ခုံရုံး ၆ ရုံး ဖွင့်လှစ်ခဲ့ပြီး ၅၀၅(က) နဲ့ အဖမ်းခံရသူတွေကို စစ်ဆေးခဲ့ပါတယ်။

နာကျင်စေမှုပုဒ်မတွေနဲ့ ဖမ်းဆီးတရားစွဲခံရသူတွေ၊ လောင်းကစားမှု၊ ယစ်မျိုးဉပဒေအမှု၊ မူးယစ်အမှု၊ လက်နက်ဥပဒေ၊ ပြည့်တန်ဆာဥပဒေ၊ ရဲအက်ဥပဒေ၊ ရုပ်မြင်သံကြားနဲ့ ဗွီဒီယိုဥပဒေတွေနဲ့ ဖမ်းဆီးတရားစွဲခံရသူတွေကို ပြန်လွှတ်ပေးဖို့ စစ်ကောင်စီက ဇူလိုင် ၂၀ ရက်နေ့မှာ ပထမအကြိမ် အမိန့်စာထုတ်ခဲ့ပြီး ဇူလိုင် ၂၂ ရက်နေ့မှာ အင်းစိန်ထောင်ကနေ အကျဉ်းသား ၁၀၀၀ ကျော် ပြန်လွှတ်ပေးခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013