DVB Logo
Home
မြန်မာသတင်း
ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲခံရသူများကို စစ်ဆေးရန် အင်းစိန်ထောင် အထူးတရားရုံး ၅ ရုံး ပြန်ဖွင့်
DVB
·
October 2, 2021
ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲခံရသူများကို စစ်ဆေးရန် အင်းစိန်ထောင် အထူးတရားရုံး ၅ ရုံး ပြန်ဖွင့်
Donate to DVB

စစ်ကောင်စီက ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲထားသူတွေကို ပြန်စစ်ဆေးဖို့ အင်းစိန်ထောင်မှာ ဖွင့်လှစ်ထားတဲ့ အထူးတရားရုံး ၃၈ ရုံးထဲက ၅ ရုံးကို စက်တင်ဘာ ၂၉ ရက်နေ့က ပြန်လည်ဖွင့်လှစ်ခဲ့တယ်လို့ နိုင်ငံရေးလှုပ်ရှားသူတွေကို အမှုလိုက်ပေးနေတဲ့  ရှေ့နေဦးခင်မောင်မြင့်က ပြောပါတယ်။  

ထောင်တွင်း ကိုဗစ်ကူးစက်တာတွေကြောင့် ဇူလိုင် ၈ ရက်ကစပြီး စစ်ကောင်စီက အင်းစိန်ထောင်ကို လော့ဒေါင်းချခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်မှာ စစ်ကောင်စီက အင်းစိန်ထောင်တွင်း အထူးတရားရုံး ၃၈ ရုံး၊ စစ်ခုံရုံး ၆ ရုံး ဖွင့်လှစ်ခဲ့ပြီး ပုဒ်မ ၅၀၅(က) နဲ့ အဖမ်းခံရသူတွေကို စစ်ဆေးခဲ့ပါတယ်။ ဇူလိုင် ၅ ရက်နေ့မှာတော့ ကိုဗစ်တတိယလှိုင်းကြောင့် ထောင်တွင်း တရားရုံးတွေကို ရပ်နားခဲ့ပါတယ်။

ရှေ့နေ ဦးခင်မောင်မြင့်က “စက်တင်ဘာ ၂၉ ရက်နေ့ကစပြီး အထူးတရားရုံး စထိုင်ကြတယ်။ ဒါပေမဲ့ အခက်အခဲက ဘာရှိလဲဆိုရင် အင်းစိန်မြို့နယ်က Stay At Home အမိန့်ကြေညာထားတော့ လူအများကြီး စုဝေးလို့မရတဲ့အတွက် တစ်နေ့ကို အင်းစိန်ထောင်က အထူးတရားရုံး ၅ ရုံးကိုပဲ သူတို့ ခွင့်ပြုပေးတယ်။ တရုံး တရုံးကိုလည်း ၅ ယောက်ထက် မပိုစေရဘူးဆိုပြီး ခွင့်ပြုပေးထားတော့ အထူးတရားရုံးတွေက ဖွင့်တယ်ဆိုတဲ့ သဘောလောက်ပဲ ရှိတယ်။ တရားရုံး ၃၈ ရုံးလုံး မဖွင့်နိုင်သလို အဲဒီတရားရုံးတွေမှာ ချိန်းဆိုထားတဲ့ အမှုအားလုံးလည်း မစစ်နိုင်သေးဘူး။ လက်ရှိမှာ အမှုစစ်တာကို မလုပ်နိုင်သေးဘဲနဲ့ အရင်ကလုပ်ထားတဲ့ မှုခင်းစီမံခန့်ခွဲမှု အစည်းအဝေးတွေပဲ ပြန်လုပ်ပြီး ရုံးချိန်းပေးတဲ့ အဆင့်ပါပဲ။ စတာတော့ စနေပါပြီ။ ရှေ့လာမယ့် ရုံးချိန်းတွေကျရင်တော့ စစ်နိုင်မယ် ထင်ပါတယ်” လို့ ပြောပါတယ်။

ဇွန်လ ၃၀ ရက်နေ့မှာ အင်းစိန်ထောင်ထဲက ပုဒ်မ ၅၀၅(က) နဲ့ အစွဲခံထားရသူ ၇၀၀ ကျော်ကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပြီး လက်ရှိအချိန်အထိ အင်းစိန်ထောင်ထဲမှာ ၅၀၅(က)နဲ့ အစွဲခံထားရသူ ၃၀၀၀ ကျော်၊ ၄၀၀၀နီးပါး ကျန်နေတယ်လို့ ရှေ့နေတွေက ပြောပါတယ်။

“နောက်ထပ်စွဲတာတွေကလည်း နေ့စဉ်နဲ့အမျှဆိုတော့ မရှိဘူးဆိုရင် အနည်းဆုံး ၃၀၀၀ နဲ့ ၄၀၀၀ ကြားမှာ ရှိလိမ့်မယ်။ အဲဒီဝန်းကျင်လောက် ရှိလိမ့်မယ်။ အရင် ၃၀၀၀ လောက်ရှိတာမှာ ပြန်လွတ်တာ ၇၂၁ ယောက်ပဲ ရှိတယ်။ အဲဒီတုန်းက ကျန်ခဲ့တာ ၂၀၀၀ ကျော်နဲ့ ထပ်ဖမ်းတာနဲ့ဆို ၃၀၀၀ ကျော်၊ ၄၀၀၀ နီးပါးရှိလိမ့်မယ်လို့ ခန့်မှန်းရပါတယ်” လို့ ရှေ့နေ ဦးခင်မောင်မြင့်က ပြောပါတယ်။

အင်းစိန်ထောင်အပါအဝင် မြန်မာနိုင်ငံက ဗဟိုအကျဉ်းထောင်ကြီးတွေဟာ အကျဉ်းသား အချုပ်သား ကျား၊ မ စုစုပေါင်း ၅၀၀၀ အထိပဲထားဖို့ အဆောက်အအုံတွေ တည်ဆောက်ထားတာ ဖြစ်ပါတယ်။

ပုဒ်မ ၅၀၅(က) နဲ့ ဖမ်းဆီးတရားစွဲခံရသူတွေ ထပ်ရောက်လာတဲ့အခါ အရင် ရှိပြီးသားလူတွေနဲ့ပေါင်းရင် အကျဉ်းသား ၁၂၀၀၀ ဝန်းကျင်အထိ ထိန်းသိမ်းနေရတာဖြစ်ပါတယ်။

အင်းစိန်ထောင်မှာ ကိုဗစ်ကူးစက်ခံခဲ့ရတဲ့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းဟာ ဇူလိုင် ၂၀ ရက်နေ့က ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013