
စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုရဲ့ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုရဲ့ ဒုတိယအကြိမ် ညီလာခံကို မတ် ၂၁ နဲ့ ၂၂ ရက်နေ့တွေမှာ ကျင်းပခဲ့ပါတယ်။
ဒီညီလာခံမှာ အဖွဲ့ဝင် အဖွဲ့အစည်း ၂၉ ဖွဲ့က ကိုယ်စားလှယ် ၅၆ ယောက် တက်ရောက်ခဲ့ကာ လူထုလှုပ်ရှားမှု အရှိန်မြှင့် လုပ်ဆောင်သွားမဲ့အကြောင်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်း စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက ထုတ်ပြန်ကြေညာပါတယ်။
ညီလာခံမှာ နွေဦးတော်လှန်ရေးကာလအတွင်း လူထုရဲ့ ပူးပေါင်းပါဝင်မှုတွေကို အရှိန်မြှင့်တင်ကာ လူထုလိုလားချက်တွေကို လက်တွေ့အကောင်အထည်ဖော်နိုင်ရေးအတွက် လူထုလှုပ်ရှားမှု လမ်းစဉ်ကို ကိုင်စွဲပြီး စစ်ရေးနဲ့ နိုင်ငံရေးကို ဟန်ချက်ညီညီ ဆောင်ရွက်သွားဖို့ ဆွေးနွေးဆုံးဖြတ်ခဲ့ကြတယ်လို့ လည်းသိရပါတယ်။
ဒါ့အပြင် အထွေထွေလုပ်ငန်းကော်မတီနဲ့ လူထုတိုက်ပွဲမြှင့်တင်ရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ ဘဏ္ဍာရေးနှင့် နည်းပညာအထောက်အကူပြု ကော်မတီတွေကိုပါ ထပ်မံဖွဲ့စည်းခဲ့ကြပြီး စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုရဲ့ ဒုတိယအကြိမ် အထွေထွေလုပ်ငန်းကော်မတီဝင်တွေအဖြစ် တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေရဲ့ မဲပေးမှုနဲ့အတူ ရွေးချယ်တာဝန်ပေးအပ်ကြောင်းလည်း သိရပါတယ်။
ဘုတလင်မြို့နယ်သပိတ်အင်အားစု ဒုတိယအကြိမ်အထွေထွေလုပ်ငန်းကော်မတီဝင် ကိုရှင်းသန့် က “မြေပြင်မှာရှိတဲ့ ပြည်သူလူထုက တော်လှန်ရေးမှာ အားကောင်းစွာနဲ့ ပါဝင်နေဆဲပဲ ဖြစ်တယ်။ အဲဒီလို ပါဝင်နေတဲ့ အချိန်မှာ တစ်ခါတလေမှာတော့ လူထုက စိတ်ဓာတ်ကျတာမျိုးလည်း ရှိရင် ရှိနိုင်တာပေါ့လေ။ အဲဒါကို ကျနော်တို့က ဘေးကနေ ဘယ်လိုမျိုး ကူညီပေးနိုင်မလဲ၊ လူထုကို ဘယ်လိုမျိုး ဆောင်ရွက်ပေးနိုင်မလဲ ဆိုတဲ့ လုပ်ငန်းစဉ်ကို ကျနော်တို့ စဉ်းစားခဲ့ကြပါတယ်၊ ပြီးရင် တော်လှန်ရေးမှာ လူထုက ဘေးနားက ရပ်ကြည့်နေရုံတင် မဟုတ်ဘဲနဲ့ ပိုပြီးတော့ အားကောင်းမောင်းသန် ပါဝင်လာနိုင်မယ့် အခင်းအကျင်းမျိုးကိုလည်း ကျနော်တို့ ဖော်ဆောင်ပေးဖို့ လိုတယ်။ လူထုက ဒီလိုမျိုး ကိုယ့်ရဲ့ လူထုအင်အား၊ ကိုယ့်ရဲ့ power ကို ယုံကြည်ပြီးတော့ ကိုယ့်ရဲ့ လူထုအင်အားနဲ့ ကိုယ့်ရဲ့ power ကို အသုံးချလာနိုင်တဲ့ အနေအထားအထိကို ရောက်နိုင်အောင်လို့ ကျနော်တို့ ကြိုးစား ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" လို့ ပြောပါတယ်။
စစ်ကောင်စီက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ ဘယ်လိုအစိုးရနဲ့ လွှတ်တော်ကိုမဆို လက်ခံမှာမဟုတ်ကြောင်း အတည်ပြုထားပြီး စစ်ကိုင်းဒေသမှာ ပေါ်ပေါက်လာတဲ့ ကြားကာလအစိုးရကို လူထုအတွက် ဝန်ဆောင်မှုကောင်းတွေ ဖော်ဆောင်ပေးနိုင်ဖို့ ဆက်လက် တွန်းအားပေးသွားမှာဖြစ်ကြောင်းနဲ့ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းကာ “စစ်ကိုင်းဖက်ဒရယ်ယူနစ် နိုင်ငံရေးရပ်ဝန်း” (Political Platform) တည်ထောင်နိုင်ရေး ကြိုးပမ်းချက်တွေ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ညီလာခံအပြီး ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက လူထုရဲ့ စည်းလုံးညီညွတ်မှုက တော်လှန်ရေး အောင်မြင်ရေးအတွက် အရေးပါဆုံးဖြစ်တဲ့အကြောင်း ထောက်ပြကာ ပြည်သူတွေကို လူထုလှုပ်ရှားမှုတွေမှာ ဆက်လက်ပါဝင်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။











