
ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်မှာ ရပ်ကွက်နဲ့ ကျေးရွာ ၁၁ ခုထက်မနည်း ရေကြီးရေလျှံနေတာကြောင့် စာသင်ကျောင်း ၅ ကျောင်း ပိတ်လိုက်ရတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
မိုးသည်းထန်စွာရွာသွန်းတာကြောင့် သြဂုတ် ၁၇ ရက်က စတင်ကာ ဒါးကမြစ်ရေ မြင့်တက်လာပြီး ကျောင်းကုန်းမြို့နယ်ထဲက ရပ်ကွက် ၃ ခုနဲ့ ကျေးရွာ ၈ ရွာ ရေကြီးရေလျှံလို့ အခြေခံပညာကျောင်း ၅ ကျောင်းကို သြဂုတ် ၂၀ ရက်က စတင်ပိတ်လိုက်ရတာပါ။
ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသူတယောက်က “သေဆုံးတာ၊ ထိခိုက်တာ မရှိပါဘူး။ ဒေသခံတွေကို ကြိုတင်ပြောင်းရွှေ့တာတွေ လုပ်ထားပါတယ်။ မိုးရွာတဲ့အားကောင်းတာကြောင့် ရေကြီးလာတာ။ တဟုန်ထိုးတက်လာတာမျိုး မဟုတ်ပါဘူး” လို့ ပြောပါတယ်။
မြစ်ရေမြင့်တက်ဝင်ရောက်လာတာကြောင့် ကျောင်းကုန်းမြို့နယ်ထဲက အမှတ် ၁၊ အမှတ် ၃ နဲ့ အမှတ် ၅ ရပ်ကွက်တွေ၊ ကျီးပင်ကွင်းကျေးရွာအုပ်စု၊ သစ်ဆိမ့်ကုန်းကျေးရွာအုပ်စု၊ ရေဂလုတ်ကျေးရွာအုပ်စုနဲ့ ရွာသာကုန်းကျေးရွာအုပ်စု စတဲ့ ကျေးရွာအုပ်စုတွေထဲက ကျေးရွာခွဲ ၈ ရွာမှာ နေအိမ်တွေ အဓိက ရေနစ်မြုပ်နေတယ်လို့ သိရပါတယ်။
ပညာရေးဝန်ထမ်းတယောက်က “စာသင်ကျောင်းတွေက တိုင်းရဲ့ ညွှန်ကြားချက်အတိုင်း ပိတ်တာပါ။ ရေဝင်ပြီး လုံးဝစာသင်မရတော့လို့ ယာယီပိတ်တာ။ လတ်တလော စာသင်ကျောင်း ၅ ကျောင်း ထပ်ပိတ်တာ” လို့ ပြောပါတယ်။
ရေဝင်ရောက်တာကြောင့် ပိတ်လိုက်ရတဲ့ အခြေခံပညာကျောင်း ၅ ကျောင်းဟာ အ.မ.က (သဲကုန်း)၊ အ.လ.က (ခွဲ) တလုပ်ကုန်း၊ အ.မ.က(ကံ့ကော်)၊ အ.မ.က (ညောင်ဝိုင်း) နဲ့ အ.မ.က ရွာသာကုန်း စတဲ့ကျောင်းတွေ ဖြစ်ပါတယ်။
ရေကြီးရေလျှံနေတဲ့ ရပ်ကွက်နဲ့ ကျေးရွာတွေက အိမ်ထောင်စု ၄၀၀ လောက်နဲ့ လူဦးရေ ၁,၄၃၈ ယောက်ကိုလည်း ရေဘေးလွတ်တဲ့ ဘုန်းတော်ကြီးကျောင်း (ယာယီ) ရေဘေးကယ်ဆယ်ရေး စခန်းတွေကို ပြောင်းရွှေ့ပေးထားရတယ်လို့ သိရပါတယ်။
ကျောင်းကုန်းမြို့နယ်က ဒါးကမြစ်ရေဟာ စိုးရိမ်ရေအမှတ်ဖြစ်တဲ့ ၁၇ ပေကို ၁ ပေခန့် ကျော်လွန်ကာ ၁၈ ပေအထိ ရောက်ရှိနေတယ်လို့ မိုးဇလဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။











