DVB Logo
Home
မြန်မာသတင်း
ကိုဗစ်ပထမလှိုင်းကတည်းက တိုင်းပြည်စီးပွားရေးကျဆင်းနေခြင်းဖြစ်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော
DVB
·
September 30, 2021
ကိုဗစ်ပထမလှိုင်းကတည်းက တိုင်းပြည်စီးပွားရေးကျဆင်းနေခြင်းဖြစ်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော
Donate to DVB

တိုင်းပြည်ရဲ့စီးပွားရေးကျဆင်းတာ ကိုဗစ်ပထမလှိုင်းကတည်းကဖြစ်ပြီး နိုင်ငံရေးထိုးနှက်ချက်တွေ ၊ပြည်ပကထိုးနှက်ချက်တွေကြောင့်လည်းပါတယ်လို့ အာဏာသိမ်းစစ်ကောင်စီ ပြန်ကြားရေးဒုဝန်ကြီးက စက်တင်ဘာ ၃၀ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

စစ်ကောင်စီပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက “တိုင်းပြည်ရဲ့စီးပွားရေးကျဆင်းခြင်းက ကိုဗစ်ပထမလှိုင်း၊ ဒုတိယလှိုင်း ကတည်းက ဖြစ်နေတာပေါ့။ ဒါပေမဲ့ ဒီအချိန်မှာ ပိုပြီး ဆိုးလာတယ်။ နိုင်ငံရေးထိုးနှက်ချက်တွေလည်းပါပါတယ်။ သို့သော် ဘယ်လိုပဲဖြစ်ဖြစ် အခုလက်ရှိ တာဝန်ယူထားတဲ့ အစိုးရကပဲ တာဝန်ယူရမှာပါ။ အသီးကတော့ မှည့်နေတာကြာပြီ။ ကြွေကျခါနီးလည်း ဖြစ်နေပြီ။ ကြွေကျတာတော့ ဒီအစိုးရလက်ထက်မှာ ကြွေကျတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ကြွေကျသည်ဖြစ်စေ၊ ကြွေမကျသည်ဖြစ်စေ ကိုယ့်လက်ထဲမှာ ကြွေကျတာဖြစ်လို့ ကိုယ့်ဘာကိုယ် ပြန်ကောက်ပြီး ပြန်လည်ထူထောင်အောင်တော့ လုပ်ပေးရမယ့် တာဝန်ရှိပါတယ်။ ဒီအတိုင်းပဲ လုပ်ဆောင်ပေးနေတယ်လို့ ကျနော်ပြောချင်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ  ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာစသိမ်းခဲ့တဲ့အချိန် ပြည်တွင်းရှိ ရွှေစျေးနဲ့ နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာတန်ဖိုးက စျေးကွက်မှာ အကယ်ဒမီရွှေ ၁ ကျပ်သားစျေးက ၁၃ သိန်း ၂ သောင်းစွန်းစွန်းသာရှိခဲ့ပြီး အမေရိကန် ၁ ဒေါ်လာတန်ဖိုးက မြန်မာငွေ ၁၃၃၀ ကျပ်သာရှိခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက် ရက်သတ္တပတ်အတွင်းမှ စပြီး ရွှေစျေးနဲ့နိုင်ငံခြားငွေတန်ဖိုးက တရိပ်ရိပ်နဲ့တက်လာခဲ့ရာ အခုရက်ပိုင်းမှာ အကယ်ဒမီရွှေ ၁ ကျပ်သားစျေးက ကျပ် ၂၂သိန်းကျော်အထိ စံချိန်တင်မြှင်တက်ခဲ့ရသလို နိုင်ငံခြားငွေ အမေရိကန် ၁ ဒေါ်လာတန်ဖိုးကလည်း မြန်မာငွေ ၂၅၀၀ ကျပ်ကျော်အထိ စံချိန်တင်ခဲ့ပါတယ်။

ခုလိုရွှေစျေး၊ဒေါ်လာစျေးတွေ အဆမတန်မြင့်တက်နေတာနဲ့ ပတ်သက်ပြီးလည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက “ဒေါ်လာစျေး၊ ရွှေစျေးနဲ့ပတ်သက်ပြီး ပြောရရင် ပထမကိုဗစ်လှိုင်းမှာကတည်းက စီးပွားရေးကျဆင်းမှုရှိတယ်။ မိမိ၏ ပြည်တွင်း ထုတ်ကုန်များ လျှော့နည်းပြီး ပြည်ပက သွင်းကုန်တွေ များပြားလာတာရှိတယ်။ ဒုတိယလှိုင်းမှာလည်း ဒီလိုပါပဲ။ ဒီကြားထဲမှာ ပြည်ပထိုးနှက်ချက်များလည်းရှိပါတယ်။ဒါတွေကိုတော့ ဘယ်လိုပဲပြောပြော အစိုးရတရပ်အနေနဲ့က ရှေးတုန်းကဖြစ်ခဲ့တဲ့ အတိတ်တွေကို ပြန်ပြောင်းပြီးတော့ ပြောနေတာထက် မိမိလက်ထက်မှာ ဖြစ်တာကြောင့် တာဝန်ခံမှု၊ တာဝန်ယူမှု ရှိရမှာ ဖြစ်တယ်။ အကောင်းဆုံး ကျနော်တို့ ဖြေရှင်းမှာဖြစ်ပါတယ်။ အထူးပြောလိုတာက နိုင်ငံတော်အစိုးရအနေနဲ့ အကောင်းဆုံး ဖြေရှင်းနိုင်ရေးပေါ့နော်၊ အပြည့်အစုံ ဖြေရှင်းနိုင်ရေး မဟုတ်တောင် အကောင်းဆုံး ဖြေရှင်းနိုင်ရေးဖြစ်အောင် ကျနော်တို့ ရှိသမျှအင်အားနဲ့ ဆောင်ရွက်လျက်ရှိကြောင်း ပြော ချင်ပါတယ်” လို့ပြောပါတယ်။

စစ်ကောင်စီပြန်ကြားရေးဒုဝန်ကြီးပြောသလို မြန်မာပြည်က ကိုဗစ်ကာလအတွင်းမှာ စီးပွားရေးကျဆင်းမှုရှိခဲ့တယ်ဆိုပေမဲ့ အာဆီယံဒေသတွင်းနိုင်ငံတွေအကြားမှာ ကိုဗစ်ကာလအတွင်း စီးပွားရေးတိုးတက်မှုရာခိုင်နှုန်းက မြန်မာက အမြင့်ဆုံးရှိခဲ့တဲ့အကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ကိုဗစ်ကပ်ရောဂါနဲ့ ကြုံတွေ့နေရတဲ့ကာလ ၂၀၂၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) တိုးတက်မှုနှုန်းက ၃ ဒသမ ၃ ရာခိုင်နှုန်းရှိပြီး အာဆီယံဒေသတွင်း နိုင်ငံတွေအကြားမှာ အမြင့်ဆုံးရှိနေတာပါ။ အခု စစ်ကောင်စီက တိုင်းပြည်ကို ၈ လအုပ်ချုပ်အပြီးမှာတော့ မြန်မာ့ GDP တိုးတက်မှုနှုန်းက အနုတ် ၁၈ ရာခိုင်နှုန်း ထိုးကျသွားတာဖြစ်ပါတယ်။

ပြည်ပရောက်စီးပွားရေးသုတေသီတဦးက “ အန်အယ်လ်ဒီ အစိုးရလက်ထက်မှာ ကစားနည်း မှန်တယ်လို့ပဲ ပြောရမလား။ ဘာကြောင့်လဲဆို ကိုဗစ်ကာလမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး ကျဆင်းမှုက အရှေ့တောင်အာရှမှာ အနည်းဆုံးပဲ။ တကယ်တမ်းသာ စစ်အုပ်ချုပ်ရေးသာ မရှိခဲ့ရင်ပေါ့၊ ရန်ကုန်၊မန္တလေးတို့မှာ အခုဆိုရင် ကိုဗစ်ကလည်း လျှော့လာတယ်။ ဒီတော့ ဖြေလျှော့မှုတွေ လုပ်လို့ရပြီ။ ကိုဗစ်နဲ့စီးပွားရေးက ဘယ်လိုဆက်စပ်နေလဲဆိုရင် ပြောင်းပြန်ဆက်စပ်နေတယ်။ ကိုဗစ်က ဖိလေလေ စီးပွားရေးက ကျဆင်းလေပဲ။ ကိုဗစ်က ကျလေလေ၊ နည်းနည်းလေးဖြေလျှော့ပေးလိုက်တာနဲ့ စီးပွားရေးက တက်လာမှာ။ အခုဆိုရင် အိမ်နီးချင်း ထိုင်းက ခရီးသွားတွေ ပြန်လက်ခံတော့မယ်။ ဒါကြောင့် ကျနော်တို့က အရင်အခြေအနေသာဆိုရင် recovery မျှော်လင့်လို့ရတယ်။ ဒါပေမဲ့ အခုတော့ ကျနော်တို့က recovery မလာနိုင်တော့ဘူး။ ဘာလို့လဲဆို စစ်အစိုးရရဲ့ ဖြေလျှော့မှုတွေက အခုအချိန်အထိ ရှိမလာသေးဘူး။ ပြီးတော့ သူကိုယ်တိုင်က ကိုဗစ်အကြောင်းပြပြီး ဖိနှိပ်နေတယ်လို့ ကျနော်မြင်တယ်။ အဲ့တော့ recession ကလည်း ကြာလာမယ်။ ကုန်ထုတ်လုပ်မှုကလည်း မရှိဘူး။ ဆိုတော့ အချိန်ကြာလာလို့ရှိရင် depression ဆီကူးသွားမယ့် သဘောရှိတယ်” လို့ သုံးသပ်ပြော ပါတယ်။

၂၀၂၁ ခုနှစ်အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ရဲ့ နောက်ဆုံး အပြီးသတ် စိစစ်ထုတ်ပြန်ချက်အရ  မြန်မာနိုင်ငံရဲ့ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) တိုးတက်မှုနှုန်းက အနုတ် ၁၈ ဒသမ ၄ ရာခိုင်နှုန်းထိုးကျသွားပြီလို့ ဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ်အတွက် ပထမအကြိမ် ဧပြီလမှာ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ စိစစ်တွက်ချက်မှုအရ မြန်မာ့ GDP တိုးတက်မှုနှုန်းက အနုတ် ၉ ဒသမ ၈ ရာခိုင်နှုန်းသာရှိခဲ့ရာကနေ  အနုတ် ၁၈ ဒသမ ၄ ရာခိုင်နှုန်းအထိ စံချိန်တင်ထိုးကျ သွားတာဖြစ်ပါတယ်။ လက်ရှိမှာတော့ စင်္ကာပူနိုင်ငံရဲ့  GDP တိုးတက်မှုနှုန်းက ၆ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးမှာရှိနေပြီး မြန်မာက အနုတ် ၁၈ ဒသမ ၄ ရာခိုင်နှုန်းနဲ့  အာဆီယံမှာ အောက်ဆုံးအဆင့်မှာ ရှိနေပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ကြိုးပမ်းဆောင်ရွက်မယ်ဆိုပါက လာမယ့် ၅ နှစ်အတွင်း အာဆီယံနိုင်ငံတွေထဲမှာ အလယ်အလတ်အဆင့်ကိုရောက်ရှိမှာဖြစ်ပြီး ၁၀ နှစ် အတွင်းမှာဆိုရင် ထိပ်တန်းအဆင့်ထိရောက်နိုင်တယ်လို့ အာဏာသိမ်း စစ်ကောင်စီအကြမ်းဖက်အဖွဲ့ခေါင်းဆောင် ကပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013