DVB Logo
Home
မြန်မာသတင်း
သတင်းထောက်အလုပ်ထက်ကျော်လုပ်သဖြင့် အမေရိကန်ဂျာနယ်လစ်ကို ဖမ်းဆီးခြင်းဖြစ်ဟု စစ်ကောင်စီပြော
DVB
·
September 30, 2021
သတင်းထောက်အလုပ်ထက်ကျော်လုပ်သဖြင့် အမေရိကန်ဂျာနယ်လစ်ကို ဖမ်းဆီးခြင်းဖြစ်ဟု စစ်ကောင်စီပြော
Donate to DVB

Frontier Myanmar  သတင်းဌာနရဲ့ မန်နေးဂျင်း အယ်ဒီတာ အမေရိကန် ဂျာနယ်လစ် ဒန်နီဖှန်စတာဟာ သတင်းထောက်အလုပ်ထက်ကျော်လွန် လုပ်ထားတာတွေရှိလို့ ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်တယ်လို့ အကြမ်းဖက် စစ်ကောင်စီရဲ့ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဒီနေ့ နေပြည်တော်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ VOA သတင်းဌာနက မေးမြန်းတာကို ပြန်ဖြေခဲ့တာ ဖြစ်ပါတယ်။

“သတင်းထောက်က သတင်းထောက်အလုပ်လုပ်ပြီး မျှမျှတတလုပ်တယ်ဆိုရင် ဖမ်းဆီးစရာ အကြောင်းမရှိပါဘူး။ သူ့မှာ သတင်းထောက်အလုပ်ထက် ကျော်လွန်ပြီး လုပ်ထားတာတွေ ရှိပါတယ်။ ပုဒ်မတွေလည်း တပ်ထားပါတယ်။ ကျနော်တို့ ထိန်းသိမ်းစရာရှိလို့ ထိန်းသိမ်းထားတာ ပါ” လို့ပြောပါတယ်။

သတင်းထောက်က မေးမြန်းထားပေမဲ့ ဘာတွေ စစ်ဆေးတွေ့ရှိတယ်ဆိုတာနဲ့ ဖှန်စတာကို ဘာပုဒ်မတွေနဲ့ စွဲဆိုထားတယ်ဆိုတာကိုတော့  ဗိုလ်ချုပ်ဇော်မင်းထွန်းက မပြောသွားပါဘူး။

အမေရိကန်နိုင်ငံသား ဒင်နီဖှန်စတာကို မေ ၂၄ ရက်နေ့က ရန်ကုန်ကနေ မလေးရှားကို သွားဖို့ ရန်ကုန်လေဆိပ်ကိုရောက်နေတုန်း ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဒင်နီဖှန်စတာရဲ့ ကျန်းမာရေး ကောင်းမွန်ပြီး အကျဉ်းအချုပ်သားတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးပေမဲ့ ထိုးတာ မထိုးတာကတော့ သူ့ရဲ့ သဘောပဲဖြစ်တယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၈ လအတွင်း သတင်းထောက်နဲ့ မီဒီယာအမှုထမ်း  ၁၀၂ ယောက် ဖမ်းဆီးခံရတယ်လို့ Reporting ASEAN က စက်တင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။ ဒီထဲက တချို့ ပြန်လွတ်လာပြီး  ၄၈ ယောက်ကတော့ အကျဉ်းထောင်အသီးသီးမှာ ဆက်လက်ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013