DVB Logo
Home
Lead Story
အစိုးရနှစ်ဖွဲ့က မြန်မာ့နေရာအတွက် ကုလသမဂ္ဂမှာ တောင်းဆိုထားရာ၊ ဘယ်သူ ရပါသလဲ
DVB
·
September 28, 2021
အစိုးရနှစ်ဖွဲ့က မြန်မာ့နေရာအတွက် ကုလသမဂ္ဂမှာ တောင်းဆိုထားရာ၊ ဘယ်သူ ရပါသလဲ
Donate to DVB

နယူးယောက်မြို့ ကုလသမဂ္ဂမှာ ကမ္ဘာ့ခေါင်းဆောင်တွေ ဒီလအတွင်း အထွေထွေညီလာခံ အစည်းအဝေး ထိုင်ကြတဲ့အခါ မြန်မာနိုင်ငံအတွက် ဘယ်သူ ကိုယ်စားပြုသင့်သလဲဆိုတာနဲ့ ပတ်သက်ပြီး မတင်မကျ ဖြစ်နေခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးကတည်းက မြန်မာစစ်တပ်ဟာ ကုလသမဂ္ဂနဲ့ တခြား နေရာတွေမှာ သံတမန်တွေ ခန့်အပ်ဖို့ တရားဝင်အစိုးရဖြစ်တဲ့သူ့မှာ အာဏာရှိသင့်တယ်လို့ ပြောဆိုထားတာပါ။

ဒါပေမဲ့ ဖယ်ရှားခံလိုက်ရတဲ့ ယခင်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရွေးကောက်ခံကိုယ်စားလှယ်တွေနဲ့ အဓိကဖွဲ့စည်းထားတဲ့ အစိုးရနဲ့ တိုင်းရင်းသားလူနည်းစုတွေ ပါဝင်တဲ့ အမျိုးသားညီညွတ်ရေးအစိုး ရ(NUG) ကို နိုင်ငံပြင်ပမှာ ဖွဲ့စည်းထားခဲ့ပါပြီ။

အမျိုးသားညီညွတ်ရေးအစိုးရကလည်း တရားဝင်အစိုးရဖြစ်ပြီး တိုင်းပြည်ရဲ့သံတမန်တွေကို ခန့်အပ်သင့်တယ်လို့ ပြောပါတယ်။ မြန်မာပြည်က အရပ်ဘက်အဖွဲ့အစည်းတွေကတော့ အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး စစ်အစိုးရကို ဝေဖန်နေတဲ့ လက်ရှိသံတမန် ဦးကျော်မိုးထွန်းကိုပဲ ဆက်လက်ခန့်ထားဖို့ အထွေထွေညီလာခံကို စာပေးပို့ တိုက်တွန်းထားပါတယ်။

ဒါကြောင့် ဘယ်သူက မြန်မာကို ကမ္ဘာ့စင်မြင့်မှာ ကိုယ်စားပြုမလဲဆိုတာနဲ့ ဘယ်သူက အထက်စီးမှာရှိနေလဲဆိုတာ ဘာကြောင့် အရေးကြီးနေပါသလဲ။ 

အမျိုးသားညီညွတ်ရေးအစိုးရ ဆိုတာ

လက်ရှိမှာ စစ်အစိုးရဟာ လူ ၁,၁၀၀ ကျော် သတ်ဖြတ်ပြီး ၆,၆၀၀ ကျော် ဖမ်းဆီးထားကာ ရာနဲ့ချီတဲ့လူတွေကို ပုန်းအောင်း၊ ဒါမှမဟုတ် ပြည်တွင်းက ထွက်ပြေးစေပါတယ်။ အဲဒီလို ရက်စက်ကြမ်းကြုတ်တဲ့နည်းနဲ့ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သူတွေကို ဖိနှိပ်မှုနဲ့ အာဏာသိမ်းမှုကို တုံ့ပြန်သောအားဖြင့် အမျိုးသားညီညွတ်ရေးအစိုးရကို ဧပြီလထဲမှာ ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အဓိကခေါင်းဆောင် နှစ်ဦးကတော့ ဖယ်ရှားခံခဲ့ရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ ဖြစ်ပြီး အာဏာသိမ်းပြီးကတည်းက ဖမ်းဆီး ထိန်းသိမ်းခံထားရပါတယ်။ ဒါကြောင့်မို့ သူတို့ရဲ့ အခန်းကဏ္ဍဟာ အများအားဖြင့် အသွင်သဏ္ဍာန်သဘောသာရှိပါတယ်။

ကျန်တဲ့ခေါင်းဆောင်ပိုင်းကတော့ ကရင်တိုင်းရင်းသားနဲ့ ခရစ်ယာန် နိုင်ငံရေးသမားဖြစ်သူ ယာယီဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ ကချင်တိုင်းရင်းသား နိုင်ငံရေးသမားဖြစ်သူ ယာယီသမ္မတ ဒူဝါလရှီးလတို့ပဲ ဖြစ်ပါတယ်။

ဝန်ကြီးအများအပြားဟာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အစိုးရရဲ့ အစိတ်အပိုင်းတွေ ဖြစ်ပေမဲ့ တိုင်းပြည်ရဲ့ ခေါင်းဆောင်မှုမှာ ယခင်ကထက် အားလုံး ပါဝင်နေတဲ့ အမြင်မျိုးဖြစ်အောင် ကြိုးစားထားတာ သိသာထင်ရှားပါတယ်။

အန်အယ်လ်ဒီပါတီအပြင် ကျယ်ပြန့်တဲ့ နိုင်ငံရေးပါတီတွေက ရွေးကောက်ခံ ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားလူနည်းစုတွေကိုလည်း ပိုပြီးပါဝင်နိုင်ဖို့ ဝန်ကြီးဌာနတွေကို ဖွဲ့စည်းခဲ့တာပါ။ ထင်ရှားတာကတော့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှာ ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ တယောက်ကို အကြံပေးအဖြစ် ခန့်အပ်ထားခဲ့တာပါပဲ။

နိုင်ငံအများစုက စစ်တပ်ကို မြန်မာပြည်ရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုဖို့ နှုတ်ဆိတ်နေခဲ့ကြပေမဲ့ အမျိုးသားညီညွတ်ရေးအစိုးရအတွက် တရားဝင်အသိအမှတ်ပြုမှု ရရှိရေးကလည်း ခက်ခဲနေကြဆဲပါပဲ။

နိုင်ငံတကာအသိအမှတ်ပြုရေးရဲ့ လက်ရှိအခြေအနေ 

ထပ်မံ၍ တိုင်းရင်းသားလူမျိုးစုပေါင်းစုံပါဝင်တဲ့ ဝန်ကြီးဌာန ဖွဲ့စည်းရာမှာ နှစ်ကြာရှည် ဖိနှိပ်ခံနေရတဲ့ ရိုဟင်ဂျာတွေကို ဖယ်ထုတ်ထားသော အငြင်းပွားဖွယ် နိုင်ငံသားဖြစ်မှုဆိုင်ရာ မူဝါဒကို အမျိုးသားညီညွတ်ရေးအစိုးရက ပြောင်းပြန်လှန်ခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရဟာ အခြေအနေကို မဟာဗျူဟာမြောက် ပါးပါးနပ်နပ် ထိန်းချုပ်နိုင်ဖို့အတွက် ၂၀၀၂ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာ ကျူးလွန်ခဲ့တဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး(အိုင်စီစီ)ကနေ တရားစီရင်မှုကို လက်ခံမှာဖြစ်ကြောင်း ပထမဆုံးအကြိမ် ကြေညာခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (အိုင်စီစီ) ရော အပြည်ပြည်ဆိုင်ရာ တရားမျှတမှုတရားရုံး (အိုင်စီဂျေ) နှစ်ခုစလုံးမှာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် စွဲဆိုထားတဲ့အမှုတွေကို ရင်ဆိုင်နေရတာပါ။

အဲဒီအရာတွေကတော့ ယခင်အစိုးရရဲ့ ရိုဟင်ဂျာတွေအပေါ် ထောက်ခံဖို့ ပျက်ကွက်ခဲ့တာနဲ့ ပတ်သက်ပြီး အမှန်တကယ်ပဲ ခါးသီးစရာတွေ ဖြစ်နေပါတယ်။ ယခင်အချိန်တုန်းက စစ်တပ်ရဲ့ မောင်းထုတ်မှုကြောင့် ရာနဲ့ ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေ သူတို့နေရပ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးသွားခဲ့ကြတာကို ဒေါ်အောင်ဆန်းစုကြည်က ကာကွယ်ခဲ့ပြီး လူမျိုးတုံး သတ်ဖြတ်မှု မမြောက်ကြောင်း ငြင်းဆိုခဲ့ပါတယ်။

ဒါပေမဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ရွှေ့ကွက်ကတော့ နိုင်ငံတကာထောက်ခံမှုရအောင် ကြံဆစီမံခြင်းပါပဲ။ အဓိကအားဖြင့် အမေရိကန်ကွန်ဂရက်လွှတ်တော်ရဲ့ ဖိအားကလည်း ရှိနေတာပါ။ သံတမန်ရေးနဲ့ ရုပ်ဝတ္ထုပစ္စည်း ထောက်ပံ့မှုတွေကို ပြည်ပရောက်အစိုးရကို မပေးခင် ကွန်ဂရက်မှာ ရိုဟင်ဂျာပြဿနာနဲ့ပတ်သက်ပြီး တစုံတခု ပြောဖို့ လိုအပ်နေပါတယ်။

ကုလမဂ္ဂကို ရွှေ့လာတဲ့ သံတမန်ရေးတိုက်ပွဲ အသိအမှတ်ပြုရေးတိုက်ပွဲရဲ့ အဓိကဆုလာဘ်တော့ ကုလသမဂ္ဂမှာ မြန်မာကို ကိုယ်စားပြုမယ့်နေရာပဲ ဖြစ်ပါတယ်။ တရားဝင်မြန်မာ့အစိုးရနဲ့ ပတ်သက်ပြီး နိုင်ငံတကာအသိုက်အဝန်းရဲ့ သဘောဆန္ဒကို ထင်ဟပ်စေတဲ့အလျောက် အဲဒီနေရာဟာ အရေးကြီးပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအတွက်ကတော့ အထွေထွေညီလာခံရဲ့ စည်းမျဉ်းတွေက အထောက်အကူပေးထားပြီးသားပါ။ တကယ်လို့ ကိုယ်စားလှယ်ရဲ့ အထောက်အထားတွေနဲ့ ပတ်သက်ပြီး အငြင်းပွားစရာရှိလာရင် လက်ရှိ တာဝန်ယူနေတဲ့ သံတမန်ကိုပဲ ဆက်ထားဖို့ စည်းမျဉ်းတွေက သတ်မှတ်ထားပါတယ်။

ကုလသမဂ္ဂအနေနဲ့ကတော့ အသိအမှတ်ပြုမှုနဲ့ပတ်သက်တဲ့ တရားဝင်ဆုံးဖြတ်ချက်ကို လက်ရှိ အထွေထွေညီလာခံမှာ ချမှတ်မယ်လို့ မျှော်လင့်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ကွယ်မှာ တရုတ်နဲ့ အမေရိကန် အပေးအယူညှိနိုင်းမှု (တရားဝင်မဟုတ်တဲ့ ရုရှား၊ အာဆီယံ၊ ဥရောပသမဂ္ဂတို့ရဲ့ သဘောတူညီမှုနဲ့အတူ)အရ ညီလာခံမှာ စစ်တပ်ကိုယ်စားလှယ်ကို တက်ရောက်ခွင့်မပြုဖို့ သဘောတူခဲ့ကြပါတယ်။

ဆိုလိုတာကတော့ လက်ရှိ သံတမန် ဦးကျော်မိုးထွန်းကပဲ အထွေထွေညီလာခံဖွင့်ပွဲမှာ ပါဝင်တက်ရောက်ခွင့် ရခဲ့တာပါပဲ။ ဒါပေမဲ့ တရုတ်နဲ့ အမေရိကန်တို့ သဘောတူညီချက်မှာ သူ့ကို စစ်တပ်အပေါ် ပြင်းထန်တဲ့စကားလုံးတွေ သုံးစွဲတာမျိုးကို ရှောင်ကြဉ်ဖို့ ပါဝင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာ အမျိုးသားညီညွတ်ရေးအစိုးရအတွက်တော့ ကြီးမားတဲ့ အောင်ပွဲတခုပါပဲ။

အမေရိကန်၊ တရုတ်နဲ့ ရုရှား တို့ပါဝင်တဲ့ အဖွဲ့ဝင် ၉ ဦးပါ အထောက်အထားစိစစ်ရေးကော်မတီက နိုဝင်ဘာလမှာ မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂနေရာကို တရားဝင်ဘယ်သူ ရယူမလဲဆိုတာကို ဆုံးဖြတ်ပါလိမ့်မယ်။

ပြည်တွင်းစစ်က ရှောင်လွှဲမရနိုင်ဘူးလား

အမျိုးသားညီညွတ်ရေးအစိုးရက နိုင်ငံတကာအသိအမှတ်ပြုရေးအတွက် ကြိုးပမ်းနေစဉ်မှာပဲ၊ တပြိုင်နက်တည်း စစ်အစိုးရအပေါ် လူထုခုခံရေးစစ်ပွဲကို ကြေညာခဲ့ပါတယ်။ ဒါဟာ နေအိမ် အကျယ်ချုပ်ကျနေတဲ့နှစ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်ချမှတ်ခဲ့တဲ့ အကြမ်းမဖက်ရေး နည်းနာကို ကျောခိုင်းလိုက်တာပါပဲ။

မြန်မာပြည်ရှိ အမေရိကန်နဲ့ ဗြိတိန်သံရုံးတွေက ဝေဖန်သံတွေ တိတ်နေပေမဲ့ အခုလို ပေါ်ပေါ်တင်တင်ထုတ်ဖော်ကြေညာလိုက်တာဟာ တချို့ရပ်ဝန်းတွေမှာ အဆင်မပြေ ဖြစ်စေပါတယ်။

မြန်မာပြည်သူလူထုက ဒီအဖြေကို အပူတပြင်းထုတ်လိုက်တဲ့အပေါ် နားလည်မိနေစဉ်မှာပဲ၊ လေ့ကျင့်မထားတဲ့ လက်နက်မပြည့်မစုံ ကိုင်ဆောင်ထားတဲ့ အရပ်သားတွေဟာ စစ်တပ်အပေါ် တိုက်ခိုက်အနိုင်ယူဖို့ရာမှာ သေချာမှုနဲ့ ဝေးနေပါသေးတယ်။

ဒီနေရာမှာ အဆင့်မြင့်လေ့ကျင့်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ လက်ရှိ မြို့ပြတွေက စုဆောင်းထားတဲ့ အရပ်သားတွေအကြား ပူးပေါင်းဆောင်ရွက်မှု သက်သေတချို့ရှိ နေပါတယ်။ ဒါပေမဲ့ မြန်မာစစ်တပ်ရဲ့ ရှည်လျားတဲ့ သမိုင်းတလျှောက် သိသာလှတဲ့ အသေအပျောက်နှုန်းတွေအားဖြင့် ပြေလည်ဖို့ အဆင်ပြေစရာ မရှိပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် စစ်ပွဲဟာ တခုတည်းသော ရွေးချယ်စရာအဖြစ် လူထုက ခံစားနေရပါတယ်။ တကယ်တော့ အချိန်တိုအတွင်းမှာ မြန်မာစစ်တပ်နဲ့ ပြည်သူလူထုအကြား ကာလရှည်ကြာ ပဋိပက္ခတွေအတွက် ငြိမ်းချမ်းတဲ့ ပြေလည်မှုရရှိရေးဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ရဲ့ အစောပိုင်းအချိန်တခဏမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ ဖမ်းဆီးခံလိုက်ရကတည်းက ပျောက်ကွယ်သွားခဲ့ပါပြီ။

အေးမင်းစိုး

( ဩစတြေးလျအခြေစိုက်  theconversation.com ဝက်ဘ်ဆိုက်မှာဖော်ပြထားတဲ့  South Australia တက္ကသိုလ်ဝါရင့်ကထိက အဒမ်ဆင်မ်စန် ရေးသားတဲ့   Two governments claim to run Myanmar. So, who gets the country’s seat at the UN?   ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြခြင်းဖြစ်သည်။ ) 

Ref: The Conversation

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013