
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကနေ အရပ်သားပြည်သူတွေ စောလျင်စွာ ကြိုတင်ရှောင်တိမ်းနိုင်ဖို့ ရည်ရွယ်တဲ့ “ပြည်သူ့ရေဒါပရောဂျက်” အတွက် Spring CrowdFund (နွေဦးလူထုရန်ပုံငွေ)မှာ ရန်ပုံငွေ ရှာဖွေရေး အစီအစဉ် စတင်နေပြီလို့ နွေဦးလူထုရန်ပုံငွေအဖွဲ့သားတွေက ဆိုပါတယ်။
ဒီပရောဂျက်ကိုတော့ ကာလအားဖြင့် ၂ လ သတ်မှတ်ထားပြီး လိုအပ်တဲ့ ရန်ပုံငွေ ပမာဏကတော့ ကျပ်သန်း ၅၀၀ ဖြစ်တယ်လို့လည်း သိရပါတယ်။
စစ်အုပ်စုရဲ့ လေယာဉ်တွေ စတင်ထွက်ခွာလာတာနဲ့ သက်ဆိုင်ရာ ဒေသခံ ပြည်သူတွေဆီ အချိန်မီ သတင်းပေးပို့နိုင်ဖို့ ကြိုတင်သတိပေးစနစ်တွေ ပိုမိုမြန်ဆန် စနစ်ကျလာစေဖို့နဲ့ မြေပြင်က သတင်းပေးပို့နေတဲ့ ကင်းထောက်အဖွဲ့တွေကို ထောက်ပံ့ဖို့ အဓိက ရည်ရွယ်တာလို့လည်း သိရပါတယ်။
ပါဝင်ကူညီကြတဲ့ ပြည်သူ့ထောက်ပို့ငွေတွေကိုတော့ သတင်းပေးပို့မှု ပိုမိုမြန်ဆန်ဖို့အတွက် လေကြောင်းအန္တရာယ် သတင်းတွေကို နေ့ညမပြတ် စောင့်ကြည့်ပေးပို့နေတဲ့ ကင်းထောက်အဖွဲ့တွေရဲ့ လစဉ်အသုံးစရိတ်နဲ့ နည်းပညာလိုအပ်ချက်တွေကို ပံ့ပိုးပေးသွားမှာ ဖြစ်ပြီး ကြိုတင်သတိပေးစနစ်တွေ မပြတ်တမ်း လည်ပတ်နိုင်ရေး၊ အရပ်သားပြည်သူတွေ ဘေးကင်းရာကို ရှောင်တိမ်းနိုင်ရေးနဲ့ လေကြောင်းတိုက်ခိုက်မှု ကြုံတွေ့ရချိန်မှာ မြေပြင်အရေးပေါ် လိုအပ်ချက်တွေကို အချိန်နဲ့ တပြေးညီ တုံ့ပြန်ကူညီရေး လုပ်ငန်းစဉ်တွေမှာ အသုံးပြုသွားမလို့ နွေဦးလူထုရန်ပုံငွေအဖွဲ့က ဆိုပါတယ်။
ဒီပရောဂျက်ကို NUG ရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန (MOSLHA) က ဦးဆောင်တာဖြစ်ပြီး လိုအပ်တဲ့ နည်းပညာပံ့ပိုးမှုတွေကို ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဆက်သွယ်ရေး၊ သတင်းအချက်လက်နဲ့ နည်းပညာဌာနကြီး (ICT) က ကူညီသွားမယ်လို့လည်း သိရပါတယ်။
မြေပြင်လုပ်ငန်းစဉ်တွေ ချောမွေ့စေဖို့အတွက်ကိုတော့ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ရဲ့ ကွန်ရက်တွေကတဆင့် စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်းတွေမှာ တိုက်ရိုက်ချိတ်ဆက် အကောင်အထည်ဖော်သွားမယ်လို့လည်း ဆိုပါတယ်။











