
ပြည်သူ့တော်လှန်ရေးလက်ရုံးတပ်ဖွဲ့ (PRAF) ရဲ့ ခေါင်းဆောင်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ဝန်ကြီးဌာနလက်အောက်ခံ တပ်ရင်းက ဖမ်းဆီးထားပြီး တွေ့ခွင့်မရဘူးလို့ နီးစပ်သူတွေဆီက သိရပါတယ်။
PRAF ရဲ့ ခေါင်းဆောင်ဖြစ်သူ ဘိုးတော်နီကို စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ အမှတ် ၄ တပ်ရင်းက ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၅ ရက်ညပိုင်းမှာ ဖမ်းဆီးခဲ့ပြီး မိသားစုနဲ့ မိတ်ဆွေတွေ သွားရောက်တွေ့ဆုံဖို့ ကြိုးစားပေမဲ့ တွေ့ဆုံခွင့်မရသေးဘူးလို့ ဇနီးဖြစ်သူက DVB ကို ပြောပါတယ်။
“၉ လပိုင်း ၅ ရက်နေ့ညက ရွှေဘိုခရိုင်တပ်ရင်း ၄ က ဖမ်းဆီးပြီး တပ်ရင်း ၂ မှာ ချုပ်ထားတယ်လို့ ပြောပြီး အခုထိတော့ အဆက်သွယ်မရသေးဘူး။ သွားတွေ့ကြတယ်။ သွားတွေ့လို့တော့ မရသေးဘူး”
ဒါဟာ ဒုတိယအကြိမ် ဖမ်းဆီးခံရတာဖြစ်ပြီး မိသားစုဝင်တွေက စိုးရိမ်နေကြသလို ဘယ်ဥပဒေတွေကို ချိုးဖောက်တဲ့အတွက် အခုလို ဖမ်းဆီးရတာဆိုတဲ့ အကြောင်းရင်း အမှန်ကိုလည်း သိချင်နေကြတာပါ။
ဒီကိစ္စနဲ့ ပတ်သက်ပြီး NUG/ MOD ရဲ့ တာဝန်ရှိသူတယောက်ကို ဆက်သွယ်မေးမြန်းရာမှာတော့ လက်နက်အရောင်းအဝယ်နဲ့ တပ်ထောင်မယ်ဆိုတဲ့ ကိစ္စတွေကြောင့် ထိန်းသိမ်းရတာလို့ ဆိုပါတယ်။
“လက်နက်အရောင်းအဝယ်ရယ်၊ ကျည်အရောင်းအဝယ်ရယ်၊ တပ်ထောင်မယ်ဆိုတဲ့ ကိစ္စတွေ အစီရင်ခံစာထဲမှာ ပါတယ်။ နောက်ပြီးတော့ သူက ပထမအကြိမ် ပြေးထားတဲ့ ကိစ္စလည်း မပြီးသေးဘူး။”
ပြည်သူ့တော်လှန်ရေးလက်ရုံးတပ်ဖွဲ့(PRAF) ရဲ့ ခေါင်းဆောင်ဖြစ်သူ ဘိုးတော်နီကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီမှာ ၂၆ ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကွပ်ကဲရေးရုံးက ပထမအကြိမ် ဖမ်းဆီးခဲ့ပြီး ဧပြီလထဲမှာ ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။











