
အခုနှစ်ရဲ့ ၁၀ လုံးမြောက် တိုင်ဖွန်းမုန်တိုင်း မိုင်ဆက်ခ်ဟာ ဇူလိုင် ၃ ရက် ညနေပိုင်းက တရုတ်နိုင်ငံ တောင်ပိုင်း၊ ဟိုင်နန်ပြည်နယ်ကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်ခဲ့လို့ လေပြင်းတွေတိုက်ပြီး မိုးတွေ သည်းသည်းမည်းမည်း ရွာခဲ့ပါတယ်။
ဟိုင်နန်ပြည်နယ် မိုးလေဝသဗျူရိုရဲ့ ထုတ်ပြန်ချက်အရ မုန်တိုင်းဟာ ညနေ ၆ နာရီ ၂၀ မိနစ် လောက် မှာ လင်းရွှေးခရိုင်၊ ယေးလင်ကျေးရွာဆီ ဝင်ရောက်ခဲ့တာပါ။
မုန်တိုင်းဗဟိုချက်အနီးမှာ အမြင့်ဆုံးလေတိုက်နှုန်းက တစက္ကန့်ကို ၂၃ မီတာနှုန်း ရှိခဲ့ပါတယ်။ မုန်တိုင်းကြောင့် ဟိုင်နန်ကို အဝင်အထွက်လုပ်မဲ့ ရထားခရီးစဉ်အားလုံးကို သောကြာနေ့နဲ့ စနေနေ့ တွေမှာ ရပ်နားထားရပါတယ်။
ဆန်းယာဖီးနစ်အပြည်ပြည်ဆိုင်ရာလေဆိပ်ကလည်း မနေ့ ညနေ ၅ နာရီကစပြီး လေကြောင်းလိုင်း တွေကို ပိတ်ထားခဲ့ပါတယ်။
ချုံးကျိုး ရေလက်ကြားကို ဖြတ်သန်းမဲ့ ခရီးသည်တင်သင်္ဘောနဲ့ ကားတင် ကူးတို့သင်္ဘောတွေကို တော့ မနေ့ မနက်အစောပိုင်း ၂ နာရီကတည်းက ရပ်နားထားခဲ့ပြီး ရာသီဥတု အခြေအနေပေါ် မူတည် ပြီး ၁ ရက်ကနေ ၂ ရက်အထိ ပိတ်ထားဖို့ ရှိပါတယ်။
ဒါ့အပြင် ဆန်းယားနဲ့ လဲ့တုန်းခရိုင်က စာသင်ကျောင်းတွေ၊ ကလေးထိန်းကျောင်းတွေကိုလည်း ပိတ်ထားလိုက်ပါတယ်။
လင်းရွှေးကမ်းလွန်က ပင်လယ်နက် ငါးဖမ်းလုပ်ငန်းဇုန်တခုမှာ ည ၇ နာရီလောက်က မုန်တိုင်းဒဏ် ကြောင့် လှိုင်းကြီးပြီး ငါးမွေးတဲ့လှောင်အိမ်တွေ ပြင်းပြင်းထန်ထန် ရိုက်ခတ်ခံခဲ့ရ ပါတယ်။
ပြည်တွင်းမိုးလေဝသဌာနကတော့ လင်ရွှေခရိုင်မှာ နောက်ရက်တွေအထိ မိုးသက်မုန်တိုင်းတွေ ဆက်ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
Source:Reuters










