
တိုင်ဖွန်းနာရာကြောင့် တရုတ်နိုင်ငံ၊ ကွမ်ရှီးပြည်နယ် ချုံကျိုးမြို့ရဲ့ လမ်းတွေပေါ်မှာ ရေကြီးနေတာကို သြဂုတ်လ ၂၄ ရက်က ထုတ်ပြန်ခဲ့တဲ့ မျက်မြင်သက်သေဗီဒီယိုတွေမှာ မြင်တွေ့ရပါတယ်။
လောင်းကျိုးမြို့နယ်အစိုးရက သြဂုတ် ၂၄ ရက်မှာ ရေကြီးရေလျှံမှု ထိန်းချုပ်ရေး အရေးပေါ်တုံ့ပြန်မှုကို အဆင့် ၁ အထိ မြှင့်တင်ခဲ့ပါတယ်။
ချုံကျိုးမြို့ ရေကြီးရေလျှံမှု ထိန်းချုပ်ရေးနဲ့ မိုးခေါင် ရေရှားမှု ကယ်ဆယ်ရေးဌာနချုပ်က တနင်္လာနေ့မှာ ရေကြီးရေလျှံမှု ကာကွယ်တားဆီး၊ ထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီး အရေးပေါ်သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။
နင်မင်ခရိုင်ရှိ မြို့နယ် ၃ မှာ သြဂုတ် ၂၁ ရက်မှ ၂၄ ရက် အထိ မိုးရေချိန် ၅၀၀ မီလီမီတာထက် ကျော်လွန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ရေကြီးလို့ လူပေါင်း ၅၄,၀၀၀ လောက်ကို ရေလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပြီး ၈,၀၈၇ ယောက်ကို အရေးပေါ်ခိုလှုံရာနေရာတွေဆီ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ နိုင်ငံပိုင်ရုပ်သံ CCTV က ပြောပါတယ်။
တိုင်ဖွန်းမုန်တိုင်း နာရာဟာ တောင်တရုတ်ပင်လယ် အနောက်မြောက်ပိုင်းက တုံကင်ပင်လယ်ကွေ့လို့ လူသိများတဲ့ ဘီဘူပင်လယ်ကွေ့မှာ ရက်အတော်ကြာ တိုက်ခတ်နေခဲ့ပြီး ကွမ်ရှီး၊ ဟိုင်နန်နဲ့ ကွမ်တုံပြည်နယ်တွေမှာ မိုးကြီးခဲ့ပါတယ်။
သြဂုတ် ၂၆ ရက် အထိ ဆက်တိုက် မိုးသည်းမယ်လို့ ခန့်မှန်းထားပြီး ကွမ်ရှီး၊ ကွမ်တုံ၊ ဟိုင်နန်နဲ့ ဖူကျန်းတို့မှာ မိုးထပ်သည်းနိုင်တယ်လို့ CCTV က ပြောပါတယ်။
တိုင်ဖွန်းနာရာနဲ့ နောက်ကနေ လိုက်လာတဲ့ တိုင်ဖွန်း ဆောင်ဒယ်လ်ကတော့ တရုတ်အရှေ့ဘက် ကမ်းရိုးတန်းကနေ သောကြာနေ့မှာ ကုန်းတွင်းကို ဝင်ရောက် တိုက်ခတ်မယ်လို့ နိုင်ငံတကာ မိုးလေဝသဌာနတွေက ခန့်မှန်းပါတယ်။











