
တုဂျီအန် တိုင်ဖွန်းမုန်တိုင်းက ဂျပန်နိုင်ငံကို ဖြတ်သန်းတိုက်ခတ်သွားပြီးတဲ့နောက် အမြင့်ဆုံး တပ်လှန့် သတိပေးချက်ဖြစ်တဲ့ အဆင့် ၅ သတိပေးချက်ကို ထုတ်ပြန်ခဲ့ရကာ တိုကျိုမြို့နားမှာ အိမ်ခြေ ၅၀,၀၀၀ နီးပါး လျှပ်စစ်မီး ပြတ်တောက်ခဲ့တဲ့အပြင် လူ ၂ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက စက်တင်ဘာ ၂၂ ရက်မှာ ပြောပါတယ်။
မုန်တိုင်းကြောင့် မြေပြိုတဲ့အပြင် ခရီးသွားလာရေး ခက်ခဲခဲ့ပြီး လေကြောင်းခရီးစဉ်တွေကို ဖျက်သိမ်းခဲ့ရပါတယ်။
တနာရီကို ၁၄၄ ကီလိုမီတာနဲ့ လေပြင်းတွေ တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းဟာ ဒီမနက်ပိုင်းမှာ ဂျပန်နိုင်ငံ ကနေ ဝေးရာဆီ ရွေ့လျားသွားလို့ အာဏာပိုင်တွေက မိုးကြီး မြေပြိုမှုဆိုင်ရာ သတိပေးချက်တွေ လျှော့ချသတ်မှတ်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ အာရှအားကစားပြိုင်ပွဲက အစီအစဉ်တချို့ ထိခိုက်ခဲ့ပြီး ကမ္ဘာ့အကြီးဆုံး ဗီဒီယိုဂိမ်း ကုန်စည် ပြပွဲတွေထဲက တခုကို တိုကျိုမြို့မှာ အချိန်စောပြီး ပိတ်သိမ်း လိုက်ရပါတယ်။
တိုကျိုမြို့နားက ခါ့နာ့ငါ့ဝါ့ စီရင်စု၊ ယိုခိုစုခါ့မြို့မှာ မိုးသည်းလို့ မြေပြိုတာတွေ အများကြီး ဖြစ်ခဲ့ တယ်လို့ မီဒီယာတွေက သတင်းထုတ်ပါတယ်။
ရွှံ့နွံတွေ အိမ်ထဲစီးဝင်လာလို့ အသက် ၆၀ ကျော်အရွယ် အမျိုးသမီး တယောက်သေဆုံးခဲ့တယ်လို့ NHK ရုပ်သံလွှင့်ဌာနက ဖော်ပြပါတယ်။
ချီဘစီရင်စုမှာလည်း နောက်ထပ်လူတယောက် သေဆုံးခဲ့ပါတယ်။ မုန်တိုင်းကြောင့် Japan Airlines က လေယာဉ်ခရီးစဉ် ၁၃၅ ခုကို ဖျက်သိမ်းခဲ့ရပြီး All Nippon Airways က ခရီးစဉ် ၁၄၀ ကို ဖျက်သိမ်းခဲ့ရပါတယ်။
တိုကျိုမြို့နဲ့ ပတ်ဝန်းကျင်ဒေသတွေက ဒေသခံ ၁ ဒသမ ၆ သန်းကျော်ကို တနင်္လာနေ့မှာ ဘေးလွတ်ရာဆီ ရွှေ့ပြောင်းကြဖို့ မီးဘေးနဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီက တိုက်တွန်း နှိုးဆော်ခဲ့ပါတယ်။
Source:Reuters











