ရန်ကုန်တိုင်း၊ သာကေတမြို့နယ်မှာ စက်တင်ဘာ ၂၇ ရက် ဒီနေ့ နေ့လယ်တနာရီခွဲလောက်က အမှတ် ၁ ရဲစခန်းရှေ့ မြင်တော်သာလမ်းမပေါ်မှာ ဗုံးတလုံး ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
မနေ့ညနေ ၄ နာရီခွဲလောက်ကလည်း အမှတ် (၄) တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ဗုံးတလုံး ပေါက်ကွဲခဲ့ပြီး ဒီဖောက်ခွဲမှု နှစ်ကြိမ်မှာ တစုံတရာ ထိခိုက်သေကျေဒဏ်ရာရတာ မရှိဘူးလို့ ဆိုပါတယ်။
ရဲစခန်းရှေ့ ဗုံးကွဲပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေက သာကေတရဲစခန်းနားနဲ့ သန်လျင်တံတားအနီးတဝိုက်မှာ စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဖောက်ခွဲမှုကို သူတို့အဖွဲ့က လုပ်ဆောင်တာလို့ G-20 Urban Burma Phoenix Organizations (G-20 UBPO) က ထုတ်ပြန်ပါတယ်။
သူတို့အဖွဲ့အနေနဲ့ စစ်ကောင်စီနဲ့ ဆက်စပ်တဲ့စီးပွားရေးလုပ်ငန်းတွေ၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး နေအိမ်တွေ၊ သတင်းပေးဒလန်တွေရဲ့ စီးပွားရေးအဆောက်အဦတွေကို အလားတူ ဖောက်ခွဲဖျက်ဆီးမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မနေ့ည ရှစ်နာရီလောက်ကလည်း သာကေတ ၈ ရပ်ကွက် အဝိုင်းထိပ်အနီးက အ.မ.က ကျောင်းအနီးမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါသေးတယ်။
စက်တင်ဘာ ၂၅ ရက်ညကလည်း အမှတ် (၇) အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစံရင် ညဘက် ရုံးပိတ်ပြီးအပြန်မှာ လူငယ်နှစ်ယောက်က ဓားထောက်ပြီး မသေချင်ရင် အုပ်ချုပ်ရေးမှူး ဆက်မလုပ်ဖို့ သတိပေးတာခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီလုပ်ရပ်ကို ဘယ်သူ လုပ်ဆောင်တယ်ဆိုတာတော့ မသိရပါဘူး။
အဆိုပါရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသက်ပိုင်ကို မေလ ၃ ရက်နေ့က ဧည့်စာရင်းလာတိုင်မယ်ဆိုပြီး လူ ၃ ယောက်က ရုံးတွင်းဝင်ရောက်ပြီး ဓားနဲ့ ထိုးသတ်လို့ သေဆုံးခဲ့ပါတယ်။ ဦးသက်ပိုင် သေဆုံးပြီးနောက်မှာ အုပ်ချုပ်ရေးမှူးအသစ်အဖြစ် ဦးစံရင်က တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။