
မွန်ပြည်နယ်၊ ရေးမြို့၊ အောင်မေတ္တာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်အောင်နေအိမ် စက်တင်ဘာ ၂၄ ရက်နေ့ ညနေပိုင်းက ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက DVB ကို ပြောပါတယ်။
စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးကျော်အောင် နေအိမ်ကို အမည်မသိ ဆိုင်ကယ်သမား ၂ ဦးက လက်ပစ်ဗုံး ပစ်သွင်းခဲ့တာဖြစ်ပြီး လူထိခိုက်ဒဏ်ရာရတာ မရှိဘဲ နေအိမ်ခြံစည်းရိုးသာ ထိခိုက်ပျက်စီးခဲ့တာပါ။
အုပ်ချုပ်ရေးမှူး နေအိမ် ဗုံးခွဲတိုက်ခိုက်တာ သူတို့ လက်ချက်ဖြစ်တယ်လို့ ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ YSTF က ထုတ်ပြန်ပါတယ်။
အုပ်ချုပ်ရေးမှူးအနေနဲ့ စစ်ကောင်စီရဲ့ ခိုင်းတာတွေ ဆက်လုပ်မယ်ဆိုရင် မိသားစုဝင်တွေကိုလည်း အမြစ်ပါမကျန် ခြေမှုန်းတိုက်ခိုက်သွားမယ်လို့ YSTF က ဆိုပါတယ်။
ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ဒုတိယအပတ်က ရေးမြို့မရဲစခန်းကို ဗုံးခွဲတိုက်ခိုက်ခဲ့သလို ရဲတပ်သား တစ်ဦးကိုလည်း သုတ်သင်ထားပါတယ်။