DVB Logo
Home
မြန်မာသတင်း
မုံးကိုး စစ်ရှောင်စခန်းတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၉၀ ကျော်ရှိလာ
DVB
·
September 24, 2021
မုံးကိုး စစ်ရှောင်စခန်းတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၉၀ ကျော်ရှိလာ
1 / 7
Donate to DVB

မူဆယ်ခရိုင် မုံးကိုးမြို့ပေါ်က စစ်ဘေးရှောင်စခန်းမှာ စက်တင်ဘာလ ၁၃ ရက်နေ့မှ စက်တင်ဘာလ ၂၃ ရက်နေ့အထိ စစ်ဘေးဒုက္ခသည် ၉၇ ဦးနဲ့ စစ်ရှောင်ပြည်သူတွေကို အဓိက အကူအညီပေးနေတဲ့ ပရဟိတ ၅ ဦးထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရတယ်လို့ စစ်ဘေးရှောင်စခန်း တာဝန်ရှိတဦးက ပြောပါတယ်။

စက်တင်ဘာ ၂၃ ရက်နေ့ မှာ တတိယအကြိမ် စစ်ရှောင်ပြည်သူတွေနဲ့ စစ်ရှောင်ခန်းက စေတနာ့ဝန်ထမ်းတွေကို ပိုးရှိမရှိ ၃၂ ဦးကို ပြန်လည်စစ်ဆေးရာမှာတော့ ၁၈ ဦး ပိုးတွေ့ခဲ့တယ်လို့ ဆိုပါတယ်။

“ဒီနေ့ ၃၂ ဦး စစ်တာ ၁၈ ဦးတွေ့တယ်။ ပထမအကြိမ် ၃၇ ဦး၊ ဒုတိယအကြိမ် ၄၂ ဦး၊ တတိယအကြိမ် ၁၈ ဦးပေါ့။ စုစုပေါင်း စစ်ရှောင် ပြည်သူ ၉၇ ဦး။ အဲဒါတောင် အရမ်းဖျားတဲ့သူတွေကိုပဲ ရွေးတာ။ ကုသဖို့နေရာ၊ ထားဖို့နေရာ မရှိတော့လို့။ ပရဟိတတွေက ပထမက ၂ ဦး၊ ဒုတိယအကြိမ် ၁ ဦး၊ ခု တတိယအကြိမ် ၂ ဦး စုစုပေါင်း ၅ ဦး” လို့ စစ်ရှောင်တာဝန်ရှိသူက ပြောပါတယ်။ 

အဓိက အခက်အခဲကတော့ ပြည်သူ့ဆေးရုံမှာ ကုသခံနေရတဲ့ စစ်ရှောင်ထဲက ပိုးတွေ့လူနာ ၄၀ ကျော်၊ ခရစ်ယာန်ဘုရားကျောင်းနှစ်ခုမှာ ပရဟိတ ဆရာဝန်တစ်ဦး၊ ဆရာမ တစ်ဦးတို့နဲ့ ကုသပေးနေတာ ကိုဗစ်လူနာ ၆၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။

အဓိက အခက်အခဲကတော့ ပိုးတွေ့ လူနာတိုးလာတာနဲ့ ဆေးဝါး၊ N 95 Mask, Hand gel, Oxygen တိုင်းစက်တွေ မလုံလောက်မှု ပြဿနာတွေ ဖြစ်နေတယ်လို့ ပြောပါတယ်။

ကူညီနေပေးနေသူတဦး “ခုလောလောဆယ် ကျနော်တို့အတွက် စိတ်အညစ်ဆုံးက စားသောက်ဖို့ ၂ လ စာလောက်ရှိပြီဆိုပြီး ဆန်လည်းရှိပြီ၊ ငွေလည်းရှိပြီဆိုပြီး အရမ်း စိတ်ပျော်နေတာ၊ ဒီမမျှော်လင့်ထားတဲ့ ရောဂါနဲ့ တိုက်ပွဲဝင်ရလို့ အရမ်းစိတ်ညစ်နေရတယ်။” လို့ ပြောပါတယ်။ 

ရောဂါကူးစက်မှု များလာတာကြောင့် မန်ခွမ် ဇွပ်ရာရွာ၊ နောင်လျန်ရွာ၊ နမ့်ဟာရွာတို့က အိမ်ခြေ ၁၇ အိမ်က စစ်ရှောင်တွေ နေရပ်ပြန်သွားကြတယ်လို့ ဆိုပါတယ်။

 “မနေ့ကမှ ပြန်သွားကြတာ၊ ဒီကနေ့တော့ မုံးကိုးမှာ စစ်ကြောင်းတွေ ပြန်ပြည့်နေပြီ။ မနက်ဖြန်၊ သဘက်ခါလောက်တော့ တိုက်ပွဲ ပြန်ပြင်းထန်လာနိုင်တယ်။ သူတို့ စကားနားမထောင်လို့ ဒုက္ခရောက်တော့မယ်။” 

မုံးကိုးအနီးမှာ ဩဂုတ်လကုန်ပိုင်းနဲ့ စက်တင်ဘာလဆန်းပိုင်းတို့မှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် အရပ်သားပြည်သူ ၄ ဦး လက်နက်ကြီး ကျည်ထိမှန်သေဆုံးခဲ့ရပြီး ရွာ ၇ ရွာလောက်က ဒေသခံ ၇၀၀ ကျော် မုံးကိုးမြို့ပေါ် ဘုရားကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေမှာ ယာယီတိမ်းရှောင်ခိုလှုံနေကြရတာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013