DVB Logo
Home
မြန်မာသတင်း
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို R2P အစည်းအဝေးတက်ခွင့်ပြုသည့်အပေါ် စစ်ကောင်စီအကြမ်းဖက်အဖွဲ့က ကန့်ကွက်
DVB
·
September 24, 2021
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို   R2P အစည်းအဝေးတက်ခွင့်ပြုသည့်အပေါ် စစ်ကောင်စီအကြမ်းဖက်အဖွဲ့က ကန့်ကွက်
Donate to DVB

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို   R2P ဆိုင်ရာဝန်ကြီးများအဆင့် နှစ်ပတ်လည်အစည်းအဝေးမှာ တက်ရောက်မိန့်ခွန်းပြောကြားခဲ့တဲ့အပေါ်  အာဏာသိမ်းစစ်ကောင်စီအကြမ်းဖက်အဖွဲ့က အပြင်းအထန် ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။

စက်တင်ဘာ ၂၂ ရက်က   (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံပြင်ပမှာ အဆိုပါ အစည်းအဝေးကို  Global Center for Responsibility to Protect (GCR2P) အဖွဲ့ကဦးဆောင် ကျင်းပရာမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပါဝင်တက်ရောက် မိန့်ခွန်းကြားခဲ့တာဖြစ်ပြီး စစ်ကောင်စီ ကိုယ်စားလှယ်ကတော့ တက်ရောက်ခွင့်မရခဲ့ပါဘူး။

ဒါနဲ့ပတ်သက်ပြီး စစ်ကောင်စီနိုင်ငံခြားရေးဌာနက စက်တင်ဘာ ၂၃ ရက်မှာ ကြေညာချက် ထုတ်ပြန် ကန့်ကွက်လိုက်တာဖြစ်ပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အစည်းအဝေးမှာ ပါဝင်တက်ရောက်ခွင့်ပြုတဲ့ နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေရဲ့အပြုအမူကို မြန်မာနိုင်ငံက ပြင်းထန်စွာ ကန့်ကွက်ပယ်ချပြီး ဒီဆောင်ရွက်ချက်ဟာ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေနဲ့ မတည်ငြိမ်မှုတွေ ဖြစ်ပေါ်စေဖို့ လှုံ့ဆော်အားပေးရာရောက်ကြောင်းနဲ့ ဦးကျော်မိုးထွန်းနဲ့ ထိတွေ့ဆောင်ရွက်တာ အားပေးအားမြှောက်ပြုတာတွေကို ရှောင်ကြဉ်ဖို့လည်း နိုင်ငံတကာအသိုက်အဝန်းကို ထပ်လောင်းတောင်းဆိုတယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဒါ့အပြင် ဦးကျော်မိုးထွန်းဟာ NUG အဖွဲ့ကို ကိုယ်စားပြု မိန့်ခွန်းပြောကြားခဲ့တာဖြစ်ပြီး  မြန်မာနိုင်ငံကို ကိုယ်စားပြုခြင်းမရှိကြောင်းသူ့ရဲ့ မိန့်ခွန်းမှာ စစ်ကောင်စီကို ဆန့်ကျင်တဲ့ အသိုက်အဝန်းမှ မမှန်မကန် အခြေအမြစ် မရှိတဲ့ စွပ်စွဲချက်များပါဝင်ပြီး၊ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိပါးစေကာ ပြည်ပစွက်ဖက်မှုကို ဖိတ်ခေါ်နေတဲ့ လက်ခံနိုင်ဖွယ်မရှိတဲ့ အချက်အလက်တွေပါဝင်နေတယ်လို့ဆိုပါတယ်။

အလားတူ ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ခွင့်မရတဲ့ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကလည်း  အာဆီယံ-အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးကို နေပြည်တော်ကနေ  ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ပြီး CRPH နဲ့  NUG တို့ ကျူးလွန်နေတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ရှုတ်ချသွားဖို့  တိုက်တွန်းပြောကြားခဲ့ပါတယ်။ 

ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကတော့  သံအမတ်ကြီး ဦးကျော်မိုးထွန်းကို  မြန်မာနိုင်ငံရဲ့ အမြဲတမ်းကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုပြီး အထွေထွေညီလာခံနဲ့ ဆက်စပ် အစည်းအဝေးတွေမှာ ပါဝင်တက်ရောက်ဆွေးနွေးခွင့် ပြုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013