
မကွေးတိုင်း ပြည်-မကွေးကားလမ်းမှာ ဇူလိုင် ၁ ရက် နေ့လယ် ၁ နာရီခွဲလောက်က အောင်လံခရိုင် ဒုရဲမှူးကြီး ဝင်းလှိုင် စီးလာတဲ့ကား နဲ့ ဌာနဆိုင်ရာကားတစီး ပစ်ခတ်တိုက်ခိုက်ခံရပြီး ဦးစီးမှူး နဲ့ ရဲတပ်ကြပ်တယောက် သေဆုံးကာ ဒုရဲမှူးကြီးအပါအဝင် ၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
အောင်လံခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးဝင်းလှိုင်နဲ့အဖွဲ့ဟာ ဆင်ပေါင်ဝဲမြို့ကို ထွက်လာစဥ် ပြည် မကွေးကားလမ်း ဘုရားတောင်ဝှေ့ကျေးရွာအနီးမှာ အမည်မသိလက်နက်ကိုင်အဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
“ဘုရားတောင်ဝှေ့ရွာနားမှာဖြစ်တာ၊ အောင်လံရဲစခန်းနဲ့ အရမ်းမဝေးဘူး။ ခရိုင်ရုံးက ရဲတပ်ကြပ်တယောက်သေတယ်၊ ဦးစီးမှူးတယောက်သေတယ်၊ ဒုရဲမှူးကြီးရယ် ရဲအုပ်တယောက်ရယ်၊ ဌာနဆိုင်ရာဝန်ထမ်းနှစ်ယောက် ဒဏ်ရာရတယ်။”
ပစ်ခတ်မှုဖြစ်နေစဥ်အတွင်း ဆင်ပေါင်ဝဲမြို့မှ အောင်လံမြို့ကို ကားမောင်းလာတဲ့ ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်ဇေယျဟာ ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ သူက ပြောပါတယ်။
အဆိုပါပစ်ခတ်မှုဖြစ်စဥ်အတွင်း ဒုရဲမှုးကြီးဝင်းလှိုင် နဲ့ ရဲအုပ်အောင်သန်းဇော်မှာ ကျည်ထိမှန်ဒဏ်ရာ ၁ ချက်စီရရှိခဲ့ပြီး အရပ်ဘက်ဝန်ထမ်းနှစ်ယောက်လည်း ဒဏ်ရာတွေရရှိကာ အောင်လံဆေးရုံကနေ ပြည်ဆေးရုံကို လွှဲပြောင်းပေးထားရတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
“ခရိုင်မှူးက မနှစ်ကမှ အောင်လံခရိုင်ကို ပြောင်းလာတာ၊ ယာယီဒုရဲမှူးကြီးပဲ ရှိသေးတယ်။ အစမ်းခန့်ကာလမှာ အပစ်ခံရတာ လုံခြုံရေးနဲ့ပတ်သက်ပြီး တပ်ဘက်ရော၊ ရဲဘက်ရော ထုချေလွှာတင်နေရတယ်။”
ပြီးခဲ့တဲ့ ဇွန် ၂ ရက် မနက်ကလည်း အောင်လံမြို့နယ် ရွှေပန်းတောကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ရဲ့ နတ်မောက်ဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဥ်လည်း ရှိပါတယ်။











