DVB Logo
Home
မြန်မာသတင်း
အစိုးရချမ်းသာရန်မဟုတ်ဘဲ တိုင်းပြည်ချမ်းသာရန် ဆောင်ရွက်နေခြင်းဖြစ်ဟု အကြမ်းဖက်စစ်ခေါင်းဆောင်ပြော
DVB
·
September 23, 2021
အစိုးရချမ်းသာရန်မဟုတ်ဘဲ တိုင်းပြည်ချမ်းသာရန် ဆောင်ရွက်နေခြင်းဖြစ်ဟု အကြမ်းဖက်စစ်ခေါင်းဆောင်ပြော
1 / 3
Donate to DVB

အစိုးရချမ်းသာဖို့မဟုတ်ဘဲ တိုင်းပြည် ချမ်းသာဖို့အတွက် ဆောင်ရွက်နေခြင်းဖြစ်တယ်လို့ အာဏာသိမ်း အကြမ်းဖက်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောကြားလိုက်ပါတယ်။

စက်တင်ဘာ ၂၂ ရက်က  နေပြည်တော်မှာကျင်းပတဲ့ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

စစ်ခေါင်းဆောင်က “တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေအနေနဲ့ ခွင့်ပြုရန်ပုံငွေတွေကို ပြည်သူလူထုအတွက် အသုံးပြုဖို့လုပ်အပ်တယ်၊ မိမိတို့ဟာ နိုင်ငံရေးအစိုးရ မဟုတ်ပေမဲ့ ပကာသနကိုလျှော့ချကာ တိုင်းပြည်အတွက် လက်တွေ့အကျိုးရှိပြီး ပြည်သူလူထုကို တိုက်ရိုက်အကျိုးပြုမယ့် လုပ်ငန်းတွေကို ဆောင်ရွက်သွားဖို့ လိုအပ်ကြောင်း၊ မိမိတို့ ဆောင်ရွက်မှုတွေဟာ အစိုးရချမ်းသာရန်မဟုတ်ဘဲ တိုင်းပြည်ချမ်းသာရန်အတွက် ဆောင်ရွက်နေခြင်းဖြစ်တယ်” လို့ ပြောပါတယ်။

လက်ရှိ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်မှာ အခွန်ဝင်ငွေတွေ ကျဆင်းခဲ့ရသကဲ့သို့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေလည်း ဝင်ငွေကျဆင်းခဲ့ကြောင်း၊ မိမိတို့အနေနဲ့ အသုံးစရိတ်တွေ ခြိုးခြံချွေတာ စိစစ်သုံးစွဲကြဖို့၊ ပစ္စည်းဝယ်ယူရာမှာ ပြည်တွင်းကျပ်ငွေနဲ့ ဝယ်ယူနိုင်တဲ့ ပစ္စည်းတွေကို ကျပ်ငွေနဲ့သာ ဝယ်ယူပြီး နိုင်ငံခြားသုံးငွေသုံးစွဲမှုကို တတ်နိုင်သမျှ လျှော့ချဖို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။ 

တင်ဒါလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး  လက်သင့်ရာ မလုပ်ဆောင်ကြဖို့နဲ့ သတ်မှတ် စည်းမျဉ်းတွေအတိုင်းသာ ဆောင်ရွက်ကြဖို့၊  ပြည်ပချေးငွေနဲ့ ပတ်သက်ပြီး အရင်း၊ အတိုး ပြန်လည်ပေးဆပ်မှုတွေကို တာဝန်သိနိုင်ငံတစ်ခုအဖြစ် မပျက်မကွက် ပြန်လည် ပေးဆပ်ဖို့လည်း တိုက်တွန်းပြောသွားပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာအသုံးစရိတ်ကို အခု (၆) လ ဘဏ္ဍာရေး နှစ်မှာ အရေးပေါ်ရန်ပုံငွေကျပ် ၅၆ ဘီလီယံအပြင် ကိုဗစ်-၁၉ ကပ်ရောဂါ ဆိုင်ရာ အထူးရန်ပုံငွေတစ်ရပ်ကိုလည်း ကျပ် ဘီလီယံ ၁၀၀ လျာထား သုံးစွဲသွားနိုင်ဖို့ စီစဉ် ထားကြောင်းလည်း သိရပါတယ်။ 

ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးမှာ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်မှ ၂၀၂၂ ခုနှစ်၊ မတ်လ (၃၁) ရက် အထိ (၆) လအတွက် ပြည်ထောင်စု၏အရအသုံး ခန့်မှန်းခြေ ငွေစာရင်းနဲ့ ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို ဆွေးနွေး အတည်ပြုတာဖြစ်ပြီး ကာကွယ်ရေးဘတ်ဂျက်အပါအဝင် တိုင်းပြည်ရဲ့ တစ်စုံလုံးဘတ်ဂျက်အခြေအနေနဲ့ ပတ်သက်လို့ တော့ စစ်ကောင်စီက ပြည်သူလူထုကို ပွင့်လင်းမြင်သာစွာ ချပြခြင်းမရှိဘဲ ထိမ်ချန်လျှို့ဝှက်ထားပါတယ်။

ပြီးခဲ့တဲ့ အရပ်သားအစိုးရလက်ထက်က တိုင်းပြည်ရဲ့ဘတ်ဂျက်နဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ဆွေးနွေးခဲ့ကြသလို  ဘဏ္ဍာရေးကော်မရှင်   ဥက္ကဋ္ဌဖြစ်တဲ့ နိုင်ငံတော်သမ္မတက တိုင်းပြည်ရဲ့ ဘတ်ဂျက်အသုံးစရိတ်ပမာဏနဲ့ ပတ်သက်ပြီး  ပွင့်လင်းမြင်သာပြည်သူတွေကို ချပြခဲ့ပါတယ်။ 

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးနှစ်ကို ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်ကစပြီး ဧပြီလ (၁) ရက်မှ မတ်လ (၃၁) ရက်အထိ ပြောင်းလဲပြင်ဆင် သတ်မှတ်လိုက်ပြီး   ကူးပြောင်းချိန်အဖြစ် ၂၀၂၂ ခုနှစ်၊ မတ်လ (၃၁) ရက်အထိ (၆) လတာကာလ သတ်မှတ်ထားတာဖြစ်ပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၂၂ ရက်မနက်က ကျင်းပတဲ့ နောက်ထပ်အစည်းအဝေးတခုဖြစ်တဲ့    အမျိုးသားစီမံကိန်းကော်မရှင်အစည်းအဝေးမှာလည်း တိုင်းပြည်ရဲ့ စီးပွားရေး ဆက်လက်ကျဆင်းနေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ဝန်ခံပြောသွားပါတယ်။    

“မိမိတို့နိုင်ငံ၏ စီးပွားရေးအခြေအနေကို ပြန်လည်သုံးသပ်ရမည်ဆိုပါက ၂၀၂၀ ပြည့် နှစ်၊ မတ်လတွင် စတင်ဖြစ်ပွားခဲ့သည့် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ခရီးသွားလုပ်ငန်း အပါအဝင် ဝန်ဆောင်မှုလုပ်ငန်းများ၊ အသေးစား၊ အလတ်စားလုပ်ငန်းများနှင့် အချို့သော ကုန်ထုတ်လုပ်မှု လုပ်ငန်းများရပ်ဆိုင်းခြင်း၊ လုပ်ငန်းစွမ်းဆောင်ရည်ကျဆင်းခြင်း ဖြစ်ပေါ်ခဲ့ သည့်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ တတိယ (၃) လပတ်မှ စတင်ကာ နိုင်ငံ၏ စီးပွားရေးကျဆင်းမှု ဖြစ်ပေါ်လာခဲ့ပြီး ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပထမ (၆) လပတ် အထိ စီးပွားရေးအခြေအနေ ဆက်လက်ကျဆင်းလျက်ရှိသည်ကို သုံးသပ်ပြောကြားလိုကြောင်း” စစ်ခေါင်းဆောင်က ပြောပါတယ်။

တိုင်းပြည်ကို ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (LDC) အဖြစ်မှ လွတ်မြောက်ဖို့အတွက် သတ်မှတ်ထားတဲ့ စံနှုန်းတွေ ဆက်လက်ပြည့်မီရေး ကိုလည်း စီမံကိန်းတွေ၊ လုပ်ငန်းစဉ်တွေနဲ့ ချိတ်ဆက်အကောင်အထည်ဖော် ဆောင်ရွက် သွားကြဖို့လည်း စစ်ခေါင်းဆောင်က ပြောသွားပါတယ်။

Photo- DSINFO

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013