DVB Logo
Home
မြန်မာသတင်း
စက်သုံးဆီ၊ စားသုံးဆီနှင့် ဆေးဝါးတင်သွင်း ကုမ္ပဏီများအတွက် ဗဟိုဘဏ်က ဒေါ်လာရောင်းပေးဟုဆို
DVB
·
September 22, 2021
စက်သုံးဆီ၊ စားသုံးဆီနှင့် ဆေးဝါးတင်သွင်း ကုမ္ပဏီများအတွက် ဗဟိုဘဏ်က ဒေါ်လာရောင်းပေးဟုဆို
Donate to DVB

စက်သုံးဆီ၊ စားသုံးဆီနဲ့ ဆေးဝါးတင်သွင်းတဲ့ ကုမ္ပဏီတွေအတွက် အပတ်စဉ် လေလံခေါ်ယူပြီး  ဘဏ်ကနေတဆင့် နိုင်ငံခြားငွေရောင်းချပေးနေတယ်လို့   စစ်ကောင်စီ ဗဟိုဘဏ်က စက်တင်ဘာ ၂၁ ရက်က ထုတ်ပြန်ပါတယ်။

နိုင်ငံတော်ဗဟိုဘဏ်က အမေရိကန်ဒေါ်လာလိုအပ်ချက်ရှိနေတဲ့ အထူးသဖြင့် စားသုံးဆီ၊ စက်သုံးဆီနှင့်ဆေးဝါး ကဏ္ဍတွေအတွက် နိုင်ငံခြားငွေရောင်းဝယ်ခွင့် (AD) လုပ်ငန်းလိုင်စင်ရှိတဲ့ ဘဏ်တွေကတဆင့် အပတ်စဉ် လေလံခေါ်ယူပြီး ရောင်းချပေးနေတာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ် စက်တင်ဘာ ၁၃ ရက်ကနေ ဒီနေ့ စက်တင်ဘာ ၂၀ ရက်အထိ  အမေရိကန်ဒေါ်လာသန်း ၄၀ ရောင်းချပေးခဲ့တဲ့အကြောင်း ဗဟိုဘဏ် ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒီနေ့ စက်တင်ဘာ ၂၂ ရက်မှာလည်း အမေရိကန်ဒေါ်လာ ၁၀ သန်းထပ်ရောင်းခဲ့ပါတယ်။ 

လေလံစျေးနှုန်းက အမေရိကန် ၁ ဒေါ်လာကို မြန်မာငွေ ၁၇၅၀ ကျပ်နဲ့ ရောင်းချပေးခဲ့ပြီး ဝယ်ယူခွင့်ရရှိတဲ့ဘဏ်တွေက  ကုမ္ပဏီတွေကို  ၁ ဒေါ်လာ မြန်မာငွေ ၁၇၅၃ ကျပ်နှုန်းနဲ့ ပြန်လည်ရောင်းချစေတယ်လို့ဆိုပါတယ်။

ဒီလိုရောင်းချရာမှာလည်း ကုန်သွယ်မှုနဲ့ ကုန်စည်စီးဆင်းမှု မှန်ကန် မြန်ဆန်စေရေး ဗဟိုကော်မတီမှ စိစစ်ပေးပို့လာတဲ့ ကုမ္ပဏီတွေကို  သတ်မှတ်ထားတဲ့ ပမာဏအတိုင်း ရောင်းချပေးနိုင်ဖို့အတွက် ဒီကုမ္ပဏီတွေက စာရင်းဖွင့်ထားတဲ့ နိုင်ငံခြားငွေရောင်းဝယ်ခွင့် (AD) လုပ်ငန်းလိုင်စင်ရှိတဲ့ဘဏ်တွေဆီ တဆင့်ခံရောင်းချပေးနေတာ ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တဦးက “ဗဟိုဘဏ်အနေနဲ့ မရှိမဖြစ်လိုအပ်တဲ့ကုန်ပစ္စည်း (Essential Goods) အတွက် လိုအပ်တဲ့ နိုင်ငံခြားငွေ ရောင်းချပေးတာက ဖြစ်သင့်တဲ့ကိစ္စပါ။ ဒါပေမဲ့ မေးစရာရှိတာက တကယ်လိုအပ်တဲ့ သူတွေရဲ့လက်ထဲ ရောက်ရဲ့လားပေါ့။ ဘာလို့ဆို သူက ဘဏ်က တဆင့်ခံပြီး ရောင်းတာလေ။ ဟုတ်လား၊ ကဲကောင်းပြီ။ သူ့သတ်မှတ်ပေးတဲ့ နှုန်းနဲ့ ပြန်ရောင်းပေးရမယ်လို့ ပြောပေမဲ့  စျေးကွက်မှာရှိတဲ့ စျေးနှုန်းတွေက ဘာလို့ မကျတာလဲ။ အခု မြန်မာပြည်မှာ စားသုံးဆီနဲ့ ပတ်သက်ပြီး အများဆုံး တင်သွင်းနေတာ ဘယ်သူတွေလဲ။ စက်သုံးဆီကကော ဘယ်သူတွေလဲ ပြန်ကြည့်ပါ။ ဦးပိုင်နဲ့ ခရိုနီတွေပဲ ကြီးစိုးနေတာမဟုတ်လား။ ဘဏ်ပိုင်တဲ့သူတွေကကော ဒီလူတွေပဲ မဟုတ်လား”လို့ ပြောပါတယ်။

စီးပွားရေးသုတေသီတဦးကတော့ ခုလို ဗဟိုဘဏ်က ဒေါ်လာတွေ ထုတ်ရောင်းနေတာက လက်ပူတိုက်ဖြေရှင်းနေတဲ့ နည်းလမ်းဖြစ်လို့ အလုပ်မဖြစ်ဘူးလို့ သုံးသပ်ပြောပါတယ်။ 

 “ဗဟိုဘဏ်က ဒေါ်လာတွေ ထုတ်ရောင်းနေတာက လက်ပူတိုက်ဖြေရှင်းနေတဲ့ နည်းလမ်းပါ။ ဘယ်နိုင်ငံမှာမှ လုပ်လေ့မရှိပါဘူး။ ဒါက နိုင်ငံရဲ့ နိုင်ငံခြားအရံငွေကို လျော့ကျစေပါတယ်။ ရလဒ်က တိုင်းပြည်ရဲ့ ငွေ‌‌ကြေးတန်ဖိုးလျော့ကျစေတာပါ။ မလုပ်သင့်တဲ့ ရှေးကျတဲ့ နည်းလမ်းပါ။ ဘာမှ မထုတ်နိုင်ဘဲ သွင်းကုန်အားကိုးနေတဲ့ တိုင်းပြည်အနေနဲ့ ဒေါ်လာလိုအပ်ချက်က အမြဲရှိနေမှာပါ။ စက်သုံးဆီ စားသုံးဆီနဲ့ ဆေးဝါးက လိုအပ်ချက်အဖြစ်ရှိနေတော့ သွင်းကုန်တွေအတွက် နိုင်ငံခြားငွေက အမြဲလိုနေတဲ့အတွက် ဒေါ်လာတန်ဖိုးက ကျနေဖို့လိုပါတယ်။ ဒီနေရာမှာ ဗဟိုဘဏ်အနေနဲ့ Export Financing ကို ပို့ကုန်သမားအတွက်လုပ်ပေးနိုင်ရင် အုပ်ချုပ်သူအတွက်ကော နိုင်ငံအတွက်ကော မျက်နှာရစေပါတယ်။ ဒါကြောင့် ဗဟိုဘဏ်က  ပို့ကုန်သမားတွေအတွက် နှစ်ပတ်က‌‌နေ တလအထိ Financing လုပ်ပေးရင် Exporter တွေအတွက် Cash Cycle မြန်လာမယ်။ ဒီ့အတွက် ထိုက်သင့်တဲ့ အတိုးယူပေါ့။ သွင်းကုန်သမားတွေက ပို့ကုန်သမားတွေဆီက စျေးသက်သာစွာနဲ့ဝယ်နိုင်မှာ ဖြစ်လို့ စျေးကွက်ထဲကနေဝယ်နေရတဲ့ ဒေါ်လာလိုအပ်ချက် လျော့ကျပြီး exchange rate ကို stabilizing ပြန်ဖြစ်စေမှာပါ။”

မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းကတော့ စားသုံးဆီစျေးတည်ငြိမ်ဖို့အတွက်   ဆိုကာ  စျေးကွက်မှာလက်ကားစျေးတစ်ပိသာ ကို ကျပ် ၄၀၀၀အထက် ရှိနေတဲ့ စားအုန်းဆီကို ၃၇၀၀ ကျပ် နှုန်းနဲ့ ရောင်းချပေးမယ်လို့ စက်တင်ဘာ၂၁ ရက်နေ့က ကြညာခဲ့ပါတယ်။

အဆိုပါစျေးနဲ့ရောင်းချပေးမယ့် ပမာဏက သတ်မှတ်ချက်ရှိပြီး အမြတ် ၂ ရာခိုင်နှုန်းယူကာ စားသုံးသူထံသက်သာတဲ့နှုန်းနဲ့ ပြန်လည် ရောင်းချလိုသူတွေကို အသင်းရုံးကို ဆက်သွယ်ဝယ်ယူဖို့ လည်း ဖိတ်ခေါ်ထားပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိသုံးစွဲနေတဲ့ အိမ်သုံးဆေးဝါးတွေရဲ့ ၈၅ ရာခိုင်နှုန်းက ပြည်ပနိုင်ငံတွေဆီက တင်သွင်းနေရတာဖြစ်ပြီး တရားဝင်တင်သွင်းတဲ့ ပမာဏက  ပျှမ်းမျ တနှစ်ကို အမေရိကန်  ဒေါ်လာ သန်း ၆၀၀ ကျော်ဖိုး ရှိပါတယ်။

အလားတူ စက်သုံးဆီတင်သွင်းမှုကလည်း ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ တန်ချိန် ၆ သန်းကျော်တင်သွင်းခဲ့ရပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံ ရှိပါတယ်။

ပြည်တွင်းမှာ ဆီစားသုံးမှုပမာဏက တနှစ်ကို တန်ချိန် ၁၀ သိန်းကျော်ရှိတဲ့အနက် ပြည်တွင်းထုတ်လုပ်နိုင်မှုက တန်ချိန် ၄ သိန်းလောက်သာ ရှိတာကြောင့် နှစ်စဉ် စားသုံးဆီတန်ချိန် ၇ သိန်းခန့် တင်သွင်းနေရပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်ရှိပါတယ်။

မြန်မာပြည်မှာ စစ်တပ်က အာဏာသိမ်းယူပြီးနောက် နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ မြန်မာကျပ်ငွေ တန်ဖိုးအဆမတန်ကျဆင်းနေပြီး ပြည်ပသွင်းကုန်တွေစျေးတဟုန်ထိုးမြင့်တက်နေပါတယ်။

ဒီအထဲမှာ ပြည်ပကနေ ပုံမှန်တင်သွင်းနေတဲ့ စားသုံးဆီ စျေးနှုန်းတွေက ရှစ်လအတွင်း ၇၀ ရာခိုင်နှုန်းကျော်မြင့်တက်ခဲ့ပြီး  စက်သုံးဆီစျေးနှုန်းက  ရှစ်လအတွင်း ရာခိုင်နှုန်း ၉၀ နီးပါး မြင့်တက်ခဲ့ပါတယ်။

ဒီကနေ့ စက်တင်ဘာ ၂၂ ရက်မှာ အမေရိကန် ၁ ဒေါ်လာတန်ဖိုးက ငွေလဲကောင်တာတွေမှာ ဝယ်စျေး ၂၀၀၅ ကျပ် နဲ့ ရောင်းစျေး ၂၀၃၅ ကျပ် ရှိပြီး စက်သုံးစီ ဒီဇယ် ၁လီတာ ၁၂၀၀ ကျပ်၊ ဒီဇယ်(ပရီမီယံ) ၁လီတာ ၁၂၂၀ ကျပ်၊ အောက်တိန်း(၉၂) ၁လီတာ ၁၂၁၅ ကျပ်၊ အောက်တိန်း(၉၅) ၁လီတာ ၁၂၅၅ ကျပ် ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013