
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ် ရပ်ကွက်အများစုမှာ အာဏာသိမ်း စစ်ကောင်စီက မီတာခ တောင်းခံလွှာတွေ လိုက်လံပေးနေပြီး သတ်မှတ်ရက် မီတာမဆောင်ပါက မီးဖြတ်မယ်လို့ ခြိမ်းခြောက်နေကြောင်း မြို့ခံတွေက ဒီဗွီဘီကို ပြောပါတယ်။
မော်လမြိုင်မှာ စစ်တပ် အာဏာသိမ်းပြီးနောက် စက်တင်ဘာ တတိယအပတ်ကစပြီး မီတာခတွေ ပေးဆောင်ဖို့ မီတာဘေစာရွက်တွေ လိုက်လံဖြန့်ဝေနေတာ ဖြစ်ပါတယ်။
မီတာခတွေကို သက်ဆိုင်ရာမြို့နယ်ရုံးတွေမှာ သွားရောက် အခွန်ဆောင်ကြဖို့နဲ့ သတ်မှတ်ရက် အတွင်း မပေးရင် မီးဖြတ်မယ်လို့ ခြိမ်းခြောက်လာတာ ဖြစ်ပါတယ်။
စစ်ကောင်စီက ခြိမ်းခြောက်ပြီး မီတာခတောင်းခံတာကြောင့် ပြည်သူတချို့ သွားရောက် အခွန်ပေးသွင်းနေကြတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မီတာခအတွက် စစ်ကောင်စီက ရပ်ကွက်တချို့မှာ ၅ လစာ ပေးသွင်းဖို့နဲ့ တချို့ရပ်ကွက်တွေမှာ တော့ ၆ လစာပေးသွင်းကြဖို့ တောင်းခံလာတာ ဖြစ်ပါတယ်။
စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်မီတာဝန်ထမ်းတွေဟာ မီတာလာမဖတ်ဘဲ မီတာစာရွက်တွေ လာပေးနေတာဖြစ်ပြီး၊ အရင်ကသုံးတဲ့ မီတာယူနစ်ထက်ပိုမို များပြားနေတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
စစ်ကောင်စီဟာ မော်လမြိုင်မှာတော့ လိုင်စင်မဲ့ဆိုင်ကယ်တွေကို လိုင်စင်ပြုလုပ်ပြီး အခွန်ရှာနေ သလို အခုအခါမှာတော့ လျှပ်စစ်မီတာခတွေက အခွန်ရဖို့ ကြိုးပမ်းလာတာပါ။
အိမ်သုံးမီတာခတွေကို ကိုဗစ်ကာလ စားဝတ်နေရေ အခက်ကြုံနေတဲ့ ပြည်သူတွေအတွက် အန်အယ်လ်ဒီအစိုးရလက်ထက်က မီတာယူနစ်ပေါ်လိုက်ပြီး သက်သာ၊ ကင်းလွတ်ခွင့်ပြုခဲ့သလို အမျိုးသားညီညွတ်ရေးအစိုးရကလည်း ကင်းလွတ်ခွင့်ပေးတဲ့အကြောင်း ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့မှာ ကြေညာထားပါတယ်။