DVB Logo
Home
မြန်မာသတင်း
ပို့ကုန်ရငွေ နိုင်ငံခြားငွေစာရင်း အချင်းချင်း ငွေလွှဲပြောင်းမှုကိစ္စ ဗဟိုဘဏ် သတိပေး
DVB
·
September 21, 2021
ပို့ကုန်ရငွေ နိုင်ငံခြားငွေစာရင်း အချင်းချင်း ငွေလွှဲပြောင်းမှုကိစ္စ  ဗဟိုဘဏ် သတိပေး
Donate to DVB

ပြည်ပပို့ကုန်ကနေ ရရှိတဲ့ဝင်ငွေနဲ့ပတ်သက်ပြီး  နိုင်ငံခြားငွေစာရင်းကို  Customer အချင်းချင်း လွှဲပြောင်းကြရာမှာ လက်ခံဆောင်ရွက်ပေးနေတဲ့ နိုင်ငံခြားသုံးငွေရောင်းဝယ်ခွင့် (AD) လုပ်ငန်းလိုင်စင်ရှိတဲ့ ဘဏ်တွေကို  စစ်ကောင်စီဗဟိုဘဏ်က သတိပေးညွှန်ကြားချက် ပေးပို့ ထားပါတယ်။

အဆိုပါ သတိပေးညွှန်ကြားချက်မှာ ခုအခါ Customer အချင်းချင်းက သူတို့ရဲ့ နိုင်ငံခြားငွေစာရင်းကို အသုံးပြုကာ နိုင်ငံခြားငွေရောင်းချတာ (account transfer) ကို နိုင်ငံခြားသုံးငွေ ရောင်းဝယ်ခွင့်လုပ်ငန်းလိုင်စင်ရရှိထားတဲ့ ဘဏ်တွေက ပြည်ပရှိ ဘဏ်စာရင်းမှ စာရင်းရှင်းလင်းပေးတာနဲ့၊ ပြည်တွင်းရှိ ဘဏ်စာရင်းအချင်းချင်း လွှဲပြောင်းပေးတာတွေ ဆောင်ရွက်ပေးနေတာ တွေ့ရှိရတယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် နိုင်ငံခြားသုံးငွေရောင်းဝယ်ခွင့် (AD) လုပ်ငန်းလိုင်စင်ရရှိထားတဲ့ဘဏ်တွေအနေနဲ့ နိုင်ငံခြားငွေစာရင်းကို Customer အချင်းချင်း လွှဲပြောင်းကြရာမှာ သွင်းကုန်တင်သွင်းဖို့ အတွက်သာဖြစ်ကြောင်း မှန် ကန်မှု ရှိ မရှိ စိစစ်ပြီး ဆောင်ရွက်ကြရန် ဗဟိုဘဏ်က သတိပေးထားပါတယ်။

စိစစ်ဆောင်ရွက်တဲ့နေရာမှာလည်း စာရွက်စာတမ်း၊ အထောက်အထားတွေကို သေချာစွာ ရယူပြီး မှတ်တမ်းပြုစုထားဖို့ ညွှန်ကြားထာပါတယ်။ တကယ်လို့  ဗဟိုဘဏ်က တောင်းယူစစ်ဆေးတာ ဒါမှမဟုတ် လာရောက်စစ်ဆေးတဲ့အခါမှာ တင်ပြနိုင်ရမယ်လို့လည်း ဆိုပါတယ်။

ဒီညွှန်ကြားချက်နဲ့ ပတ်သက်ပြီး ရန်ကုန်က  ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တဦးက “ဒါကတော့ဗျာ မှန်မှန် ကန်ကန် လုပ်တဲ့သူအတွက်တော့ ဖိအားမရှိပါဘူး။ ဘာလို့လဲဆို သူ့ ညွှန်ကြားချက်အတိုင်း အမှန်တကယ် သွင်းကုန် တင်သွင်းမယ့်သူဆိုရင် ခွင့်ပြုပေးမယ်လို့ ရေးထားတာပဲလေ။ တခုပဲ ပြောစရာရှိတာက ဟိုဘက်မှာ ငွေရှင်းပေးဖို့အတွက် လိုတဲ့ ငွေကို အချိန်မီ သူရောင်း ပေးနိုင်မလားပေါ့။ သူရောင်းပေးနိုင်ရင် ပြီးတာပဲလေ။ တချို့အချင်းချင်း account transfer လုပ်ပေးတယ်ဆိုတာက အရေးတကြီးလိုအပ်တဲ့အခါ တယောက်နဲ့ တယောက် အပြန်အလှန်ကူတဲ့သဘောပါ” လို့ပြောပါတယ်။

အဆိုပါ ညွှန်ကြားစာ ထွက်ပေါ်လာပြီးတဲ့နောက် ဘဏ်တချို့က အမေရိကန် ဒေါ်လာ  အကောင့်အချင်းချင်း ငွေလွဲပြောင်းမှုတွေကို ပိတ်ပင်လိုက်တယ်လို့ ဘဏ်စနစ်အသုံးပြုသူတွေအကြား သတင်းတွေ ထွက်ပေါ်နေပါတယ်။

ပို့ကုန်ရဝင်ငွေနဲ့ပတ်သက်ပြီး  ဗဟိုဘဏ်က ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၃ ရက်နေ့ကလည်း ပို့ကုန်တင်ပို့သူတွေအနေနဲ့ မိမိဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေနဲ့ ဝင်ရောက်ပြီးဖြစ်တဲ့ ပို့ကုန်ရငွေအနက်မှ အသုံးမပြုဘဲ ကျန်ရှိတဲ့ ပို့ကုန်ရငွေတွေကို ပို့ကုန်ရငွေဝင်ရောက်ပြီးနောက် ၄ လအတွင်း သက်ဆိုင်ရာ နိုင်ငံခြားသုံးငွေရောင်းဝယ်ခွင့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များသို့ စျေးကွက်ပေါက်စျေးနဲ့ မပျက်မကွက်ရောင်းချပေးကြဖို့ ညွှန်ကြားထားတာရှိပါတယ်။ 

နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ နိုင်ငံတော်နဲ့ ပြည်ပနိုင်ငံတွေ အကြား နိုင်ငံခြားငွေ ငွေသားပေးချေမှု စာချုပ်စာတမ်းတွေနဲ့ ငွေချေးသက်သေခံလက်မှတ်တွေကို လက်ရောက်လွှဲပြောင်းခြင်းမှအပ နိုင်ငံခြားငွေနဲ့ ပေးချေတာ၊ လွှဲပြောင်းတာတွေကို နိုင်ငံခြားသုံးငွေရောင်းဝယ်ခွင့် (AD) လုပ်ငန်းလိုင်စင်ရရှိထားတဲ့ ဘဏ်မှတဆင့် ဆောင်ရွက်ရမှာဖြစ်သလို နိုင်ငံတော် အတွင်း နိုင်ငံခြားငွေရောင်းဝယ်ခွင့်လုပ်ငန်းရရှိသူတွေသာ ဆောင်ရွက်ခွင့်ရှိတယ်လို့ ပြဋ္ဌာန်း ထားပါတယ်။

နိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်တဲ့အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ နိုင်ငံခြားငွေရောင်းဝယ်ခွင့်လုပ်ငန်း(AD) လိုင်စင်ရဘဏ်အရေအတွက်မှာ နိုင်ငံပိုင်ဘဏ် ၃ ခု၊ ပုဂ္ဂလိကပိုင်ဘဏ် ၂၀ ခု၊ နိုင်ငံခြားဘဏ်ခွဲ ၁၇ ခု နဲ့ နိုင်ငံခြားဘဏ်လက်အောက်ခံဘဏ် ၃ ခု အသီးသီးရှိပါတယ်။

နိုင်ငံခြားငွေကြေးစျေးကွက်မှာ ဒီကနေ့ စက်တင်ဘာ ၂၁ ရက် အမေရိကန် ၁ ဒေါ်လာတန်ဖိုးက မြန်မာငွေ အဝယ် ၁၉၉၀ ကျပ် နဲ့ အရောင်း ၂၀၂၀ ကျပ် ရှိပြီး ဥရောပငွေကြေး ၁ ယူရို တန်ဖိုးက အဝယ် ၂၁၀၀ ကျပ်နဲ့ အရောင်း ၂၁၇၀ ကျပ်၊ စင်္ကာပူ ၁ ဒေါ်လာ တန်ဖိုးက အဝယ် ၁၃၆၀ ကျပ် နဲ့ အရောင်း ၁၄၁၀ ကျပ်၊ ထိုင်း ၁ ဘတ် တန်ဖိုးက အဝယ် ၅၅ ဒသမ ၅ ကျပ် နဲ့ အရောင်း ၅၈ ဒသမ ၅ ကျပ် ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013