
မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက စစ်ခေါင်းဆောင်မိသားစု အကျိုးစီးပွားနဲ့ဆယ်နွှယ်နေတဲ့ Mytel ကုမ္ပဏီရဲ့ ဆက်သွယ်ရေး တာဝါတိုင် ခြံဝင်းတွေအနီးမှာ စစ်ကောင်စီတပ်သားတွေက နင်းမိုင်းတွေ ထောင်နေတာ တွေ့ခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မျက်မြင်ဒေသခံတဦးက “ကျနော့်လယ်နားက မိုင်တဲတိုင်ကို မနေ့က စစ်သား ၄ ယောက် ဆိုင်ကယ်နဲ့လာပြီး ခြံဝင်းအပြင် ၄ မျက်နှာလုံးမှာ မြေတူးပြီး မြုပ်သွားတာ တွေ့ရတယ်။ သူတို့ပြန်တော့ နင်းမိုင်းထောင်ထားတယ်ဆိုတာ ရွာကအုပ်ချုပ်ရေးမှူးကို ပြောသွားတယ်” လို့ ပြောပါတယ်။
အခုကာလဟာ တောင်သူလယ်သမားတွေ လယ်ယာလုပ်ငန်းဝင်ကြတဲ့ကာလ ဖြစ်တဲ့အတွက် ကျေးရွာတွေအနီး လယ်ကွက်တွေထဲမှာ မြေနေရာ ငှားရမ်းထားတဲ့ မိုင်တဲတာဝါတိုင်တွေ ရှိနေတဲ့အတွက် လူအပါအဝင် တိရိစ္ဆာန်တွေအတွက် စိုးရိမ်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ကျနော်တို့ သိရသလောက်တော့ တိုင်သေး ၄ ချောင်းထောင်တဲ့ Mytel တာဝါတိုင်တွေနားမှာပဲ ရွေးပြီး နင်းမိုင်းထောင်တာလို့ သိရတယ်။ ရွာသားတွေကိုတော့ အဲဒီတိုင်တွေနား မသွားကြဖို့တော့ ပြောထားရတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
မကွေးတိုင်းအတွင်းမှာ စစ်တပ်ပိုင် Mytel တာဝါတိုင် ၃၀ နီးပါး ဖျက်ဆီးထားရပြီး မြန်မာတနိုင်ငံလုံးမှာတော့ Mytel တာဝါတိုင် ၁၀၀ နီးပါး ဖောက်ခွဲ မီးရှို့ ဖျက်ဆီးခံထားရပါတယ်။