
မကွေးတိုင်း ရေစကြိုမြို့နယ် ရေစကြို-ပခုက္ကူလမ်းပိုင်းမှာ စစ်အာဏာရှင်တပ် ထောင်ထားတဲ့ နင်း မိုင်းကို တော်လှန်ရေးတပ်တွေဘက်က တူးဖော်ရှင်းလင်းနေရသလို ဒေသခံတွေကိုလည်း သတိပြုဖို့ ပြောဆိုထားတယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဆီက သိရပါတယ်။
ဆင်ချောင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်အာဏာရှင်တပ်ဟာ အများပြည်သူသွားလာနေတဲ့ ရေစကြို-ပခုက္ကူလမ်းပိုင်း ၁၂ မိုင်နဲ့ ဆင်ချောင်းကျေးရွာလမ်းဘေးမှာ မြေမြှုပ်မိုင်းတွေကို စက်တင်ဘာ ၁၄ ရက်ကစပြီး ထောင်နေတာလို့ ဆိုပါတယ်။
ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတယောက်က “မနေ့ကတော့ နင်းမိုင်းတွေ ကို ရသလောက်ဖော်ပြီးသွားပြီ။ ထပ်ရှိနိုင်သေးလို့ ပြည်သူတွေ ဂရုစိုက်ဖို့ အသိပေးတာပါ။ စစ်ကြောင်းထိုးနေတာတော့ မရှိဘူးဗျ။ လောလောဆယ် နင်းမိုင်း ၄ လုံး ကိုတော့ ဖော်ပြီးပြီဗျ” လို့ DVB ကို ပြောပါတယ်။
စစ်အာဏာရှင်တပ်ဟာ ကားလမ်း လမ်းဘေး ဝဲ၊ ယာတွေမှာ နင်းမိုင်းတွေထောင်ထားတာကို စက်တင်ဘာလ ၁၇ ရက်နေ့မှာ တော်လှန်ရေးတပ်တွေ သိရှိသွားလို့ သွားရောက် တူးဖော်ရှင်းလင်း ပေးခဲ့တာလို့ ဆိုပါတယ်။
ဆင်ချောင်းကျေးရွာဟာ စစ်တပ်နဲ့ လက်အောက်ခံ ပျူစောထီးတွေ အခိုင်အမာတပ်စွဲ ထားတဲ့ရွာ ဖြစ်သလို ရေစကြိုအခြေစိုက် ခလရ ၂၅၆၊ ၂၅၇ နဲ့ ၂၅၈ တပ်ရင်းတွေဟာ စစ်ကြောင်းထိုးဖို့ ဆင်ချောင်းရွာမှာ တပ်စွဲခိုနားလေ့ရှိတယ်လို့ သိရပါတယ်။
ဆင်ချောင်းရွာကနေ ထွက်ခွာလာတဲ့ စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းတွေကို ဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်တာ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်တာတွေ ပြုလုပ်လေ့ရှိပါတယ်။
မင်းဆက်











