
မြိုင်မြို့နယ်ရေနံမှော် အညာဒူဘိုင်းကို ထိန်းချုပ်ဖို့ စစ်အာဏာရှင်တပ်တွေက ကြိုးစားနေပေမဲ့ ကာကွယ်ရေးအဖွဲ့တွေက စစ်ရေး အသာစီးယူထားဆဲ ဖြစ်ပါတယ်။
မကွေးတိုင်း၊ မြိုင်နဲ့ ပေါက်နယ်အစပ်မှာရှိတဲ့ ကျောက်ခွက်၊ ဝဲတူး (Well-2) နဲ့ တောင်စုံ ရေနံမှော်တွေ တည်ရှိရာ အညာဒူဘိုင်းနဲ့ အနီးကပ်ဆုံး ၁မိုင်-၂မိုင် အကွာအဝေးနေရာတွေအထိ စစ်အာဏာရှင်တပ်တွေ ရောက်ခဲ့ပေမဲ့ ရေနံလုပ်ကွက်တွေကို ဝင်ရောက်သိမ်းယူဖို့ ခက်ခဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေနံမှော်တွေဟာ တော်လှန်ရေးအင်အားစုတွေ ရှင်သန်ရပ်တည်ရေးအတွက် အဓိက အထောက်အပံ့ ဖြစ်စေတယ်လို့ ယူဆပြီး စစ်အာဏာရှင်တပ်က ဖိအားပေးသိမ်းယူဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။
အညာဒူဘိုင်း ရေနံမှော်ဒေသဟာ ကာကွယ်ရေးအဖွဲ့တွေ အချိန် ၂ နှစ်ကျော် စိုးမိုးထိန်းချုပ်ထားခဲ့တဲ့ ဒေသဖြစ်ပါတယ်။ မေလကုန် ဇွန်လဆန်းကစပြီး အချိန် ၃ လကျော် အချိန်ယူစစ်ကြောင်းထိုးခဲ့ပေမဲ့ စစ်အာဏာရှင်တပ်တွေကို စစ်ရေးအသာစီးယူပြီး တုံ့ပြန်နိုင်ဆဲ ဖြစ်တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တယောက်က ပြောပါတယ်။
“အရင်စစ်ကြောင်းပါပဲ၊ လေး ငါးခြောက်ရာ ပြောတာ၊ ၂ ကြောင်းပေါင်းပြီးတော့ ကင်းမကနေ ဘောင့်ဘင်၊ ရာကြီးပြင်၊ မှန်ရင်း၊ သောင်စုံ၊ အဲ့ဒီကနေ ရေနံမြေ ဝဲတူး ထိပ်ကနေပြီးတော့ မြိုင်နယ်အစပ် တဲကြီးကိုရောက်သွားတာပေါ့။ ကျနော်တို့ ကြားသလောက်တော့ Y12 တွေနဲ့ အပေါ်ကနေပြီးတော့ စစ်အင်အားဖြည့်တယ်ပေါ့၊ အများသုံးသပ်တာ သူတို့ အညာဒူဘိုင်း၊ ရေနံမြေကို ထိုးလာတယ်ပေါ့လေ။ ဒါပေမဲ့ ရေနံမြေကို ရောက်သလားဆိုတော့လည်း မရောက်ဘူးပေါ့။ အတွင်းထဲဝင်သလား ဆိုတော့လည်း မဝင်ဘူး။ ပတ်ထွက်ပြီးတော့ အခုတခါ မြိုင်နဲ့ပေါက်နဲ့ကြားမှာ နယ်စပ် ရွာတရွာကိုရောက်နေတယ်။ ရွာတရွာမှာ သူတို့ ၁၅ ရက်လောက် ပိတ်မိနေတဲ့ သဘောပေါ့၊ ဘယ်မှ ထွက်မရဘူး။ ဒီနေ့တော့ Y12 နဲ့ ရိက္ခာချတာ ၉ ခါ၊ ၁၀ ခါလောက်ရှိပြီ၊ အထုပ် လေး ငါး ခြောက်ဆယ်လောက် ရှိပြီ။ ကျန်တာတော့ သူတို့ ဘာမှလှုပ်ရှားတာ မတွေ့သေးဘူး၊ ဘယ်ဦးလှည့်မလဲ မသိသေးဘူး။ အဲဒီရွာထဲမှာပဲ သူတို့ပိတ်မိနေတာ။ စိုးမိုးတယ် ဆိုရင်လည်း နောက်ချန်အင်အားတွေ လုံခြုံရေးတွေ ထားခဲ့ရမှာပေါ့။ အခုက အဲဒီလိုလည်း မဟုတ်ဘူး၊ အထက်က သူတို့စစ်လော်ဘီတွေက အော်ပေးနေတာ အညာဒူဘိုင်းကိုလာပြီ၊ စစ်ကြောင်းထိုးတဲ့ အယောင်ပြတာပေါ့လေ။ အပေါ်ကိုတော့ သူတို့ ဘယ်လိုဓာတ်ပုံနဲ့ ဘာနဲ့ ဘယ်လိုလိမ်ဦးမလဲ မသိဘူးပေါ့။ ဒီကတော့ ရေနံမြေထဲကို မရောက်ဘူးဗျ၊ ရောက်အောင်မသွားနိုင်ဘူး၊ မသွားရဲဘူး။ ယူနစ်ရော၊ ဒေသကာကွယ်ရေးတွေရော၊ NUG-PDF တွေရော ဝိုင်းဝန်းပြီးတော့ ခုခံတာဆိုတော့ ဒီစစ်ကြောင်းက လန်နိုင်ပါတယ်။ ကိုယ့်ဘက်က အသာစီးရပါတယ်၊ မိုင်းကိုလည်း သူတို့မခံနိုင်ဘူးပေါ့ မိုင်းဒဏ်ကို။”
အချိန် ၃ လကျော်အတွင်းမှာ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ စစ်ကြောင်းက မြိုင်မြို့နယ်ထဲက ကန်နက်ရွာ၊ လက်ခုပ်ပင်ရွာ၊ ညောင်ကုန်းရွာ၊ ကိုင်းတောမရွာ၊ ထန်းငယ်တောရွာ၊ သင်းမရွာနဲ့ ဘောင့်ဘင်ရွာတို့က အိမ်ခြေရာနဲ့ချီပြီး မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
မြိုင်မြို့နယ်ထဲကို ဝင်ရောက်နေတဲ့ စစ်ကြောင်းတွေဟာ လက်လွှတ်ထားရတဲ့ စခန်းတွေကို ပြန်သိမ်းပြီး အထိုင်ပြန်ချဖို့ အားထုတ်တာမျိုးမရှိဘဲ ရေနံမှော်တွေကို ဝင်ရောက်ဖို့ ဒေသကာကွယ်ရေးအဖွဲ့တွေ အားပျော့နိုင်ခြေရှိတဲ့အချိန်ကို စောင့်ပြီး သတင်းယူနေတဲ့ အခြေအနေ ဖြစ်ပါတယ်။
မကွေးဒေသခံနိုင်ငံရေးသမားတယောက်က “နေ့တိုင်းလိုလို ကင်းထောက်ဒရုန်းတွေနဲ့တော့ သူတို့ပတ်ပြီး ကြည့်နေတယ်လို့ သိရတယ်။ သူတို့က နိုင်အောင်တိုက်နိုင်မယ်လို့ ယူဆတဲ့အချိန်မှာ ဝင်တိုက်မယ်၊ ဝင်သိမ်းမယ်လို့ သုံးသပ်ရတယ်။ စောင့်ကြည့်ကာလအဖြစ်နဲ့ သူတို့ အင်အားစုဆောင်းတဲ့ သဘောလို့ပဲ သုံးသပ်လို့ရပါတယ်။ သူတို့နိုင်ပြီလို့ ဆုံးဖြတ်ချက်ချနိုင်တဲ့ အချိန်မှာတော့ ဝင်တိုက်မဲ့သဘော ရှိတာပေါ့။ ညီညွတ်ရေးကတော့ ကျနော်တို့ အရင်တုန်းကလည်း လိုအပ်ခဲ့တယ်၊ အခုလည်း လိုအပ်နေတယ်၊ နောင်လည်း လိုအပ်နေမှာပါပဲ။ ကျနော်တို့တိုင်းပြည်ရဲ့ အနေအထား၊ ကျနော်တို့ လူမျိုးရဲ့ အနေအထားအရဆိုရင်။ ဘာကြောင့်လဲဆိုတော့ သမိုင်းမှာက ဘာပဲလုပ်လုပ် အဖွဲ့တွေက ကွဲခဲ့ကြတာတွေလေ။ ဒါပေမဲ့ တခုတော့ရှိပါတယ်၊ လောလောဆယ် သုံးသပ်ရသလောက်ဆိုရင်တော့ တချို့တချို့သောကိစ္စတွေကို အခုနွေဦးတော်လှန်ရေးမှာတော့ တော်လှန်ရေးပြီးမှ ဖြေရှင်းမယ်ဆိုပြီး မျိုသိပ်ပြီးတော့မှ တော်လှန်ရေးအောင်အောင် ကြိုးစားတဲ့သူကတော့ ရာခိုင်နှုန်းပိုများပါတယ်” လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်က ပေါက်နဲ့ မြိုင်မြို့နယ်အစပ်က ရေနံမှော်တွေကို ပြန်သိမ်းမယူနိုင်ရင်တောင် ဖျက်ဆီးနိုင်ဖို့ ရည်ရွယ်ချက်ရှိနေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက မှတ်ချက်ပေးထားပါတယ်။
မြိုင်မြို့နယ်ထဲမှာ လှည့်လည်ပြီး စစ်ကြောင်းဖြတ်သွားတဲ့နေရာတွေမှာ အထွေထွေဆုံးရှုံးမှု ကြီးမားတဲ့အတွက် စစ်ကြောင်းဝင်လာနိုင်ခြေရှိတဲ့ နေရာတွေက ပြည်သူတွေအနေနဲ့ တန်ဖိုးကြီးဥစ္စာပစ္စည်းတွေကို သတိထားပြီးထိန်းသိမ်းဖို့ ဒေသတွင်း ပရဟိတအဖွဲ့တွေက နှိုးဆော်ထားပါတယ်။











