
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း ဇူလိုင် ၁ ရက် နေ့လယ်ပိုင်းမှာ စစ်တပ်က ထောက်ပို့လေယာဉ်နဲ့ ချပေးပြီး ဆန်ကြမ်းတွေပါတဲ့ ရိက္ခာထုပ်တချို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ဆီကနေ သိရပါတယ်။
ဒီပဲယင်းမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ရှိသူက “မိတ္ထီလာလေတပ်ဘက်က တက်လာတဲ့ Y8 ထောက်ပို့လေယာဉ်က အဲဒီနေ့ နေ့လယ် ၁ နာရီကနေ ၂ နာရီလောက်အထိ ဒီပဲယင်းမြို့နယ်ထဲမှာရှိတဲ့ သူတို့တပ်စခန်းတွေကို ပတ်ချပေးတဲ့ ရိက္ခာထုပ်တွေထဲက တချို့တဝက်ကို ကျနော်တို့ ရဲဘော်တွေဘက်က သိမ်းဆည်းရရှိခဲ့တာပါ” လို့ ပြောပါတယ်။
အဆိုပါရိက္ခာထုပ်တွေထဲမှာ ဆန်၊ ဆီနဲ့ စစ်တပ်ထုတ် ကော်ဖီတွေ အများဆုံးပါဝင်တယ်လို့ ဆိုပါတယ်။
ပကဖ ရဲဘော်တယောက်က “လေယာဥ်ပေါ်ကနေ ရိက္ခာထုပ်တွေကို လေထီးတွေသုံးပြီး ချပေးတာ။ စစ်တပ်ထုတ် ရွှေဖီဦးကော်ဖီ ပါတယ်။ ရေသန့်ဘူးနဲ့ အပြည့်ထည့်မထားတဲ့ စားဆီဘူးတွေ ပါတယ်။ ကုလားပဲတွေနဲ့ အညံ့စားငါးပိတွေလည်း ပါသေးတယ်။ ဆန်တွေကလည်း ဆန်ကြမ်းတွေပါ။ ဒီဘက်က တော်လှန်ရေးရဲဘော်တွေတောင် အဲလိုဆန်မျိုး မစားကြဘူး။ မင်းအောင်လှိုင်က သူနဲ့ သူ့မိသားစု အကျိုးအတွက် အသက်အသေခံ တိုက်ပေးနေတဲ့ အောက်ခြေရဲဘော်တွေကိုတောင် ဆန်ကောင်းကောင်း မကျွေးနိုင်ဘူး။ သောက်ရှက်မရှိ နိုင်ငံတကာအဆင့်မီ စစ်တပ်တဲ့လေ” လို့ ပြောပါတယ်။
ဒီပဲယင်းမြို့ ပတ်ဝန်းကျင်မှာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ဝိုင်းဝန်းပိတ်ဆို့ထားတာကြောင့် ဒီပဲယင်းမြို့ပေါ်မှာ တပ်စွဲနေကြတဲ့ စစ်တပ်လက်အောက်ခံတွေအတွက် မြေပြင်လမ်းကြောင်းတွေကနေ ထောက်ပို့မပြုလုပ်နိုင်တော့ဘဲ အခက်အခဲ ဖြစ်နေတာကြောင့် လေကြောင်းကနေ ရိက္ခာထုပ် ချပေးရတာတွေ ပြုလုပ်နေတာလို့လည်း သူက ဆက်ပြောပါတယ်။
ဒီပဲယင်းမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက် ညနေပိုင်းကလည်း စစ်တပ်က လေယာဥ်နဲ့ ချပေးတဲ့ ရိက္ခာထုပ်တချို့ကို PDF အဖွဲ့တွေ ရရှိခဲ့ပါသေးတယ်။
ဒီပဲယင်းမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လထဲမှာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က သိမ်းပိုက်နိုင်ခဲ့ပေမဲ့ စစ်အာဏာရှင်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေ အလွန်အကျွံ အသုံးပြုခဲ့တာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာပေးခဲ့ပြီး နောက်ပိုင်း စစ်တပ်က ဒီပဲယင်းမြို့ပေါ်ကို ပြန်လည်တပ်စွဲနေကြတာလို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။











