
တောင်ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ လုပ်ခလစာ မရရှိတာ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေနဲ့ ပတ်သက်ပြီး ကိုးရီးယား တရားရေးဝန်ကြီးဌာနကို မြန်မာဘာသာစကားနဲ့ တိုက်ရိုက်ဖုန်းဆက် တိုင်ကြားနိုင်တဲ့ စနစ်သစ်တခုကို စတင်လိုက်ပြီ ဖြစ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ နေထိုင် အလုပ်လုပ်ကိုင်နေကြတဲ့ နိုင်ငံခြားသားတွေအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကြုံလာရရင် ဖုန်းနံပါတ် ‘၁၃၄၅’ ကို ခေါ်ဆိုပြီး နံပါတ် ‘၁’ ကို ထပ်မံနှိပ်လိုက်ရုံနဲ့ မိမိတို့နိုင်ငံရဲ့ ဘာသာစကားအလိုက် ချက်ချင်း အကူအညီ တောင်းခံနိုင်ပြီ ဖြစ်ပါတယ်။
လုပ်ခလစာ အချိန်မီမရတာ၊ ကိုယ်ထိလက်ရောက် အကြမ်းဖက်ခံရတာ၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရတာ၊ ပတ်စ်ပို့ ဒါမှမဟုတ် မှတ်ပုံတင် အဓမ္မသိမ်းဆည်းခံရတာနဲ့ အတင်းအဓမ္မ ခိုင်းစေခံရတာ စတဲ့ကိစ္စရပ်တွေကို ဘာသာစကားပေါင်း ၂၀ နဲ့ တိုင်ကြားနိုင်တယ်လို့လည်း ဆိုပါတယ်။
အဲဒီစနစ်ကို စတင်လိုက်တဲ့အတွက် တလအတွင်း တိုင်ကြားမှုအရေအတွက်ဟာ ၆ ဆကျော်အထိ တိုးတက်လာပြီး နစ်နာမှုတွေကို လက်တွေ့ကုစားပေးနိုင်တဲ့ ထိရောက်မှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။
အရင်က ဘာသာစကား အခက်အခဲတွေကြောင့် တိုင်ကြားဖို့ ခက်ခဲနေသူတွေအတွက် အခုစတင်လိုက်တဲ့စနစ်ဟာ အလွန်အရေးပါတယ်လို့ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီ အောင်နိုင်ရေး အဖွဲ့ပေါင်းချုပ် MFDMC ရဲ့ အတွင်းရေးမှူး ကိုကျော်ဆန်းက ပြောပါတယ်။
“ဘာသာစကားအခက်အခဲကြောင့်မို့ ကိုယ်တိုင်ခံစားနေရတဲ့ မတရားမှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရင်ဖွင့်ဖို့ တွန့်ဆုတ်နေတာတွေ ရှိတယ်။ ဒီလူတွေအတွက်တော့ အမှောင်ထဲမှာ မီးအိမ်တလုံး ရလိုက်သလိုမျိုး အားကိုးရာ ဖြစ်သွားတယ်ပေါ့နော်။ အခုလိုမျိုး မိခင်ဘာသာစကားနဲ့ တရားရေးဝန်ကြီးဌာနကို တိုက်ရိုက်တိုင်ကြားနိုင်တဲ့ အတွက်ကြောင့်မို့လို့ အလုပ်သမားတွေအတွက် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကိုလည်း ပိုပေးနိုင်တယ်။ ပြီးတော့ တရားမျှတမှုနဲ့ ဆောင်ရွက်တဲ့ လုပ်ငန်းစဉ်တွေမှာ ပိုပြီးတော့ မြန်မြန်ဆန်ဆန်နဲ့ တောင်းဆိုလာနိုင်တဲ့ အကျိုးရလဒ်တွေ ရှိလိမ့်မယ်လို့ မြင်ပါတယ်။ ဖုန်းခေါ်တဲ့သူတွေ များတဲ့အတွက်ကြောင့်မို့လို့ စောင့်ရတာမျိုး၊ ဆောင်ရွက်ရတာမျိုး၊ ဖုန်းဝင်ဖို့ စောင့်ရတာမျိုးတော့ အချိန်နည်းနည်း ကြာကောင်းကြာနိုင်တယ်။ ဒါပေမဲ့ စိတ်ရှည်လက်ရှည်နဲ့ တောက်လျှောက် ခေါ်ပေးနေတယ်ဆိုရင် ဆက်သွယ်လို့ရပါတယ်။ အကူအညီ တောင်းလို့ရပါတယ်။”
လက်ခံရရှိတဲ့ တိုင်ကြားချက်တွေကိုတော့ တရားရေးဝန်ကြီးဌာနက တာဝန်ယူပြီး တနိုင်ငံလုံးရှိ လဝကရုံးတွေ၊ လူကုန်ကူးမှု နစ်နာသူ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့အစည်းတွေ၊ ဒေသဆိုင်ရာ အလုပ်သမားရုံးတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် နစ်နာမှုဖြစ်ပွားတဲ့အချိန်ကစပြီး စုံစမ်းစစ်ဆေးတာတွေ၊ ပြန်လည်ကုစားပေးတာတွေအထိ လုပ်ငန်းစဉ်အားလုံးကို တနေရာတည်းမှာ ပြီးစီးအောင် (One-Stop Service) စီစဉ်ထားတာ ဖြစ်ပါတယ်။
တိုင်ကြားနိုင်တဲ့အချိန်ကတော့ မနက် ၉ နာရီကနေ ညနေ ၆ နာရီအထိ မြန်မာဘာသာစကား အပါအဝင် ဘာသာစကားပေါင်း ၂၀ နဲ့ တိုင်ကြားနိုင်သလို ကိုရီးယား၊ အင်္ဂလိပ်နဲ့ တရုတ်ဘာသာ စကားတွေကတော့ ည ၁၀ နာရီအထိ တိုင်ကြားနိုင်တယ်လို့ သိရပါတယ်။
ခုလို တိုင်ကြားနိုင်တဲ့ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ကိုရီးယားရောက် မြန်မာအမျိုးသမီးတယောက် ကလည်း သူ့အမြင်ကို ပြောပြပါတယ်။
“ဒီနိုင်ငံမှာလည်း အလုပ်သမားနဲ့ အလုပ်ရှင်တွေ ကြားထဲမှာ ဥပမာ လုပ်ခလစာ မရတာ၊ လုပ်ခလစာကို လျှော့ပေးတာ၊ သတ်မှတ်ထားတဲ့ အလုပ်အချိန်ထက် ပိုခိုင်းတာမျိုးပေါ့နော်၊ ခိုင်းပြီးတော့ မပေးတာမျိုး အများကြီးရှိတယ်ပေါ့နော်။ သို့သော် တခါတလေကျရင် တိုင်ရ အရမ်းခက်တာမျိုးတွေ ဖြစ်တတ်တဲ့အတွက် ဒါပေမဲ့ ဒီလိုမျိုး တကယ်တိုင်လို့ ရလာပြီ၊ မြန်မာဘာသာစကားကိုလည်း Supporting တကယ်ရတယ် ဆိုလို့ရှိရင်တော့ တိုင်ကြားမှုတွေက ပိုပြီးတော့ များလာမယ်လို့ ထင်ပါတယ်။ ကိုရီးယားမှာက ကောင်းတဲ့အချက်တွေလည်း အများကြီး ရှိသလို လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ ကိစ္စတွေလည်း အများကြီး ရှိနေဆဲ ဖြစ်တဲ့အတွက်ကြောင့် ခုလို နိုင်ငံခြားသားတွေပေါ်မှာ လုပ်ပေးလာတဲ့အပေါ်မှာ ကိုယ်တွေက ကောင်းကောင်း အသုံးချမယ်ဆိုရင် ပိုပြီးတော့ ကောင်းမွန်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”
လက်ရှိမှာ ကိုရီးယားနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ စက်ရုံတွေဟာ နိုင်ငံခြားသား အလုပ်သမားတွေအပေါ် မှီခိုအားထားနေရတာပါ။
ဒါကြောင့် တောင်ကိုးရီးယားအစိုးရ အနေနဲ့လည်း နိုင်ငံခြားသားတွေကို ပစ်မှတ်ထားတဲ့ ရာဇဝတ်မှုတွေကို ကြိုတင်ကာကွယ်ပြီး နစ်နာသူတွေကို ကာကွယ်စောင့်ရှောက်ပေးမဲ့ စနစ်တွေကို ဆက်လက်တိုးချဲ့သွားနိုင်ဖို့ မျှော်လင့်နေပါတယ်။










